.
.
.
Saturday, September 27, 2014
မြင့်မြတ်သော ကြောင်များ
ကျွန်မ လွန်ခဲ့သော နှစ်အနည်းငယ်ကဖြစ်မည်ထင်ပါသည်။ ကဗျာဆရာ တေဇာ(လရောင်လမ်း)ဆိုသူနှင့် စတင် ရင်းနှီးခဲ့သည်။ သူ့ကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် တွေ့နေသည်မှာကြာခဲ့ပြီ။ ရင်းနှီးခဲ့ရသည်မှာ အဓိကက ကျွန်မ၏ ခင်ပွန်း ကြောင့်ဖြစ်သည်။ ကျွန်မနှင့် မရင်းနှီးဖူးသော ကဗျာဆိုင်ရာ မိတ်ဆွေများကို ကျွန်မတို့ပတ်ဝန်းကျင်အတွင်းသို့ အမြဲတစေ ဆွဲသွင်းလာတတ်သည်မှာ အဓိကက ကျွန်မ၏ ခင်ပွန်းသည်သာဖြစ်သည်။ ယခု ကျွန်မပြောချင်သည့် ကိုတေဇာမှာလည်း ကျွန်မ၏ ခင်ပွန်းဆွဲခေါ်လာသော စာပေလောကဆိုင်ရာ မိတ်ဆွေများထဲမှ တစ်ယောက်ဖြစ်သည်။
            ကျွန်မ ပြောချင်သည်မှာ ကိုတေဇာအကြောင်းတော့ မဟုတ်။ မကြာသေးမီကာလက ကျွန်မတို့လင်မယားနှင့် အခြားအပေါင်းအပါများ (ကိုတေဇာအပါအ၀င်) ခြောက်ယောက်ပါဝင်သော ကဗျာအစုစပ်အဖွဲ့လေးတစ်ခုကို ပြန်လည် တည်ထောင်လိုက်ကြသည်။ ပြန်လည်တည်ထောင်လိုက်ရသည်ဟု ကျွန်မပြောရခြင်းမှာ အဖွဲ့ကအရင်ကတည်းက ရှိခဲ့ပြီး ဖြစ်သောကြောင့်ဖြစ်သည်။ ယခင် အဖွဲ့သားဟောင်းအချို့အပါအ၀င် အဖွဲ့သားအသစ်တစ်ယောက်စ နှစ်ယောက်စပါ ထပ် မံထည့်သွင်းကာ the fepb ဟူသောအဖွဲ့ကလေးကို ပြန်လည်အသက်သွင်းလိုက်ကြခြင်းဖြစ်သည်။ ထိုအဖွဲ့လေး ဖွဲ့ဖြစ်ပြီး ကတည်းက ကျွန်မတို့ အဖွဲ့သားတွေ ခဏခဏဆုံဖြစ်ခဲ့ကြသည်။ ပျော်စရာလည်းကောင်းသည်။ တစ်နေ့တော့ ကျွန်မတို့ အဖွဲ့ထဲမှ (ကို)ဇာတိ(အန္တိမ) ၊ (ကို)တေဇာတို့နှင့် ကျွန်မခင်ပွန်းတို့ အလုပ်အပြီးအိမ်အပြန်လမ်းတွင်ရှိသော ဆုံရပ်လေး တစ်ခုမှာ တွေ့ကြသည်။ ထိုနေ့က ခင်ပွန်းသည်အိမ်ပြန်လာတော့ ကိုတေဇာက မဂ်ဂဇင်းတစ်အုပ်ပေးလိုက်တယ် ဟု ဆို လာသည်။
            စာအုပ်မှာ ကဗျာနှင့် စာပေလောကဆိုင်ရာ မဂ်ဂဇင်းအသစ်တစ်အုပ်ဖြစ်ပြီး နှင်းဆီဖြူဟု အမည်ပေးထားသည်ကို တွေ့ရသည်။ စာအုပ်တွင် ပါဝင်လေ့ရှိသော မာတိကာ ဘာညာကွိကွတွေကို ကျော်လိုက်တော့ စာအုပ်ညာဘက်ထောင့် တွင် (ဆရာတေဇာလရောင်လမ်းအတွက် မေတ္တာလက်ဆောင်) ဟု တာဝန်ခံအယ်ဒီတာလက်မှတ်နှင့် ရေးထိုးထားသည် ကို တွေ့လိုက်ရသည်။ သူ့အတွက် အမှတ်တရသိမ်းထားသင့်တဲ့ စာအုပ်ကို ကျွန်မတို့ကို ဒီတိုင်းပဲ ပေးလိုက်တာလားဟု ခင်ပွန်းသည်ကို မေးကြည့်တော့ သူက ပေးလိုက်တာမဟုတ်၊ အတင်းလုလာတာဟုဆိုသည်။
             ကိုယ်နှင့်ရင်းနှီးသူ၏ အရေးအသားကို မြည်းစမ်းကြည့်ချင်သော စာဖတ်သူတို့ ထုံးစံအတိုင်း မာတိကာတွင် ပြထားသည့်အတိုင်း စာမျက်နှာ ၁၃၆ တွင်ရှိနေမည့် ကိုတေဇာ၏လက်ရာ စာမျက်နှာကို ကျွန်မလှန်ဖတ်လိုက်သည်။ သည် စာအုပ်တွင် ပါသောကိုတေဇာ့လက်ရာမှာ ကဗျာတစ်ပုဒ်မဟုတ်ဘဲ ၀တ္ထုတိုတစ်ပုဒ်ဖြစ်နေကြောင်း ကျွန်မတွေ့လိုက်ရသည် ။ ကိုတေဇာ့ ၀တ္ထုလေးမှာ ရိုးရိုှးရှင်းရှင်းကလေး။ သူနှင့် သူနှစ်ပေါင်းများစွာ (သို့မဟုတ်) အချိန်ကာလပေါင်းများစွာ ဝေးကွာသွားခဲ့ရသော သူပိုင်ဆိုင်ခဲ့ဖူးသည့် ကြောင်ကလေးတစ်ကောင်အကြောင်း ရေးထားခြင်းဖြစ်သည်။
            ကိုတေဇာ့ ၀တ္ထုထဲတွင် ပါဝင်သော ဇာတ်ကောင် ကြောင်ကလေးမှာ ကြောင်တို့သဘာဝအရ ပြောရမည်ဆိုလျှင် အတော်လိမ်မာသော ကြောင်ဖြစ်သည်ဟုဆိုရမည်။ သူ့ဇာတ်ကောင်ကလေးကို သဘောကျအပြီး တိုက်တိုက်ဆိုင်ဆိုင် အိမ်တွင် မွေးထားသော ကျွန်မတို့မိသားစုအနွယ်ဝင် ကြောင်ကလေးကို ကျွန်မကြည့်မိသည်။ လောလောလတ်လတ် ကျွန်မတို့အိမ်တွင် မတရားသဖြင့် စားသောက်ကာလာရောက်နေထိုင်နေသော ကြောင်ကလေးအမည်ကို ကျွန်မ၏ မောင် အငယ်ကောင်ဖြစ်သူက (အာကြီး) ဟု အမည်ပေးထားသည်။
            သူ .. အိမ်ကို စရောက်ကာစက အိမ်တွင် ကျွန်မမရှိ။ အိမ်၏ မိသားစုပြသနာအချို့ကြောင့် မိသားစုနှင့်ဝေးရာ ပြင် ပသို့ ကျွန်မရောက်ရှိနေချိန်ဖြစ်သည်။ မတရားသဖြင့် လာရောက်စားသောက်နေထိုင်နေသည်ဟု ကျွန်မပြောခဲ့ခြင်းမှာ ကျွန်မတို့နှင့် ဆွေမျိုးနီးစပ်တော်သော ကြီးတော်တစ်ယောက်မှ အတင်းလာပေးသွားခြင်းကြောင့်ဖြစ်သည်။ သည်တစ်နေ ရာမှာတော့ ကိုတေဇာ့ကြောင်ကလေးနှင့် ကျွန်မတို့ ကြောင်ကလေးရောက်ရှိလာပုံချင်း ခပ်ဆင်ဆင်တူသည်။ အာကြီး ယခင်နေခဲ့သော အိမ်တွင် ကြောင်တွေများနေကြောင်းနှင့် သည်ကြောင်လေးကို မွေးထားမည်ဆိုလျှင် ကြွက်ဘေးမှ စိတ်ချ ရမည်ဖြစ်ကြောင်း ပြောသောကြောင့် ကြောင်ချစ်တတ်သော ကျွန်မတို့ မိသားစုဝင်များက ထိုကြောင်ကလေးကို ရက်ရက် ရောရော လက်ခံခဲ့ခြင်းဖြစ်သည်။
            အာကြီး အိမ်ကို စရောက်ပြီးတစ်ပတ်လောက်ကတည်းက ဇ ပြသည်ဟု အငယ်ကောင်က ကျွန်မကိုပြောသည်။ အစားအသောက်ကို သိပ်မက်မက်မောမောမရှိဟု ပြောခဲ့သော ကိုတေဇာ့ကြောင်ကလေးနှင့် ကျွန်မ၏ ကြောင်ကလေးတို့ ဒီနေရာမှာတင် သဘောထားစတင်ကွဲလွဲကြသည်။ အိမ်က အာကြီးကတော့ အစားအသောက်ဆိုလျှင် ငါးကြော်လေးနှင့် နယ်ကျွေးတောင် မက်မက်မောမော မစားဟု ဆိုသည်။ ကြက်သားကြော်လေး ပုစွန်ကြော်လေး သို့မဟုတ် ပုစွန်ခြောက်က လေးနှင့် နယ်ကျွေးမှ ကောင်းကောင်းစားသည်ဟုဆိုသည်။ ဒါက အာကြီး စရောက်ကာစက စားသောက်မှု အခြေအနေကို ပြောပြခြင်းဖြစ်သည်။ ကြွက်ခုတ်ရာတွင် ကြည့်ဦးမလား။ ကျွန်မတို့အိမ်တွင် ကြွက်အင်မတန်မှ သောင်းကျန်းသည်။ ကြွက် ကြီး၊ကြွက်လတ်၊ ကြွက်ငယ်၊ ကြွက်ပိစိ၊ ကြွက်မဖြစ်စလောက်၊ ကြွက်ပေါင်းစုံ ကျွန်မတို့အိမ်တွင် ရှိသည်။ အာကြီးစရောက် ပါပြီဆိုကတည်းက အဖေက ငါတို့အိမ်မှာ ကြောင်ရှိပြီ၊ ကြိုက်တဲ့ကောင်လာစမ်းဟု ကြိမ်းဝါးသည်ဟု ပြန်ကြားရသည်။ အဖေ ကြိမ်းဝါးသည့်အတိုင်း အာကြီးက တာဝန်ကျေသည်။ သူ့ရှေ့က ကြွက်ဖြတ်လျှောက်သွားတိုင်း မျက်လုံးကြီးပြူးပြီး ကြွက်ကို လိုက်ကြည့်တတ်သည်။ အစတော့ ကြွက်တွေက ကြောင်ရှိနေသည်ဆိုတော့ ခပ်ကုပ်ကုပ် မှောင်ရိပ်ခိုပြီး ခိုးကြောင် ခိုးဝှက် သွားလာနေထိုင်ကြသည်။
 ဒါကို အာကြီးက မြင်သည်။ သို့သော်လည်း သူဘာမှထမလုပ်။ နောက်တော့ ကြွက်များက သူ့အထာကို သိသွားကြသည်။(ထင်သည်။) သူအိပ်နေလျှင် သူ့ရှေ့က အသံတွေပေးပြီး ပျော်ပျော်ကြီး ဖြတ်လျှောက်ကြသည်။ တခါ တရံ ကြွက်နှစ်ကောင် သုံးကောင်တန်းစီပြီး တကျွိကျွိဖြင့် တပျော်တပါးဖြတ်လျှောက်တတ်ကြသည်။ ဒါကိုလည်း သကောင့် သား ကိုယ်တော်ချောက (အိပ်နေလျှင်) မျက်လုံးတစ်ဖက်ဖွင့်ပြီး ခေါင်းထောင်ကာကြည့်တတ်သည်။ ကြွက်များက သူ့ကို ပြန်ကြည့်ကြသည်။ ပြီးတော့လည်း တကျွိကျွိအသံထပ်ပေးကာ အာကြီးကို ရှိသည်ဟုတောင် မထင်ဘဲ သူတို့လမ်း သူတို့ ဆက်လျှောက်သွားကြသည်။ အိမ်ကကောင်ကလည်း အိပ်မြဲတိုင်း ပြန်အိပ်သည်။ သူ့ဘ၀တွင် ကြွက်ဆိုတာ ဘာကောင်ပါ လိမ့်ဟု မေးရမလိုပင်ဖြစ်နေသည်။
အိမ်မှာ ဟင်းထမင်းချက်လျှင် အာကြီးရှေ့ဆုံးကပါသည်။ တညောင်ညောင်အော်ပြီး အမေ့ကို ပွတ်ကာသီကာ အစာတောင်းတတ်သည်။ ကျွေးရင်လည်း မစား။ မစားဘဲလည်း တစ်နေကုန်လျှောက်တောင်းသည်။ ပြီးတော့ အိပ်ယာမှ ယခုမှ နိုးလာသူတွေကိုမြင်လျှင် အတင်းပြေးလာပြီး တညောင်ညောင်လိုက်အော်တောင်းတတ်သည်။
အာကြီးကို အိမ်မှာမွေးထားရင်း တစ်နေ့တော့ အဖေက   အာကြီးနှင့် ကြောင်စာထုပ်ကို စတင်မိတ်ဆက်သည်။ ထိုအစာထုပ် အာကြီးစားမိပြီးကတည်းက ထိုအစာကို မျက်စိအောက်မှ အပျောက်မခံတော့။ ဘယ်အစာ ကိုမှ တူသည်တန်သည်မထင်သော အာကြီးက ထိုအစာထုပ်ကိုတော့ မက်မက်မောမောစားသည်။ မကျွေးလျှင် အစာဘူး ဘေးနားမှာ တစ်နေကုန်ထိုင်နေတတ်ပြီး ညောင်းလာလျှင် ဘူးဘေးတွင် အိပ်နေတတ်သည်။ နောက်တော့ဘူးအဖုံးဖွင့်ပေးလျှင် သူ့ဟာ သူ နှိုက်စားတတ်လာသည်။ အိမ်တွင် မည်သည့်တာဝန်မျှမကျေသော်လည်း တောင်းဆိုးပလုံးဆိုးသာပစ်မည်ဟု ဆိုလာသော ကျွန်မအမေက အာကြီးကို ဘယ်သူ့မှ မပေး။ ထိုအချိန်တွင် အိမ်မှာနေလာသည်မှာလည်း နှစ်နှစ်ကျော်လာပြီဖြစ်သော အာကြီးရုပ်ဆိုးကြီးကို ကျွန်မတို့မိသားစုဝင်တိုင်းက ချစ်နေကြပြီဖြစ်သည်။ အာကြီးက အသွေးအမွေးတွင် ရွက်ကြမ်းရေကျိုဖြစ်သော်လည်း မျက်နှာပေါက်က ယာကူဇာနှင့် ခပ်ဆင်ဆင်တူသည်။ အော်တော့လည်း ပါးစပ်ကြီးကို နားရွက်တပ်ချိတ်အောင် အော်ပြတတ်သည်။ ကိုတေဇာ့ကြောင်ကလေး ငပိန်နှင့် ကျွန်မ ကြောင်ကလေး အာကြီးတို့သည် အရုပ်ဆိုးခြင်းတွင် အတော်ကိုတူပါသည်။
ကျွန်မတို့ အိမ်အနီးအနားပတ်ဝန်းကျင်သည် မသန့်။ မသန့်ဟုဆိုရခြင်းမှာ အရက်သမားနှင့် လောင်းကစားသ မားများ များပြားလွန်းသောကြောင့်ဖြစ်သည်။ ထိုအရက်သမားများသည် အတော်ဆိုးကြသည်။ သူများအိမ်တွင် မွေးထား သော အိမ်မွေးတိရစ္ဆာန်များကို ခိုးယူကာ အမြည်းလုပ်လေ့ရှိကြသည်။ ပြာသိုလများတွင် အိမ်ပြင်ထွက် လမ်းသလားတတ် သော ကြောင်များဆိုလျှင် ဂွိပြီသာမှတ်ပေရော့။ ထိုအချက်ကို အတိအကျသိထားသော အငယ်ကောင်က အာကြီးကို ကြောင်ညွန့်တုံးမည်ဟု ဆုံးဖြတ်သည်။ ဆုံးဖြတ်ချက်နှင့်အတူ ကြောင်ဆေးခန်းကို စက်ဘီးနှင့ိအာကြီးကို ခေါ်သွားပြီး သင်းလိုက်ကြသည်။ အာကြီးအိမ်ပြန်လာတော့ မေ့ဆေးမပြယ်သေးဟန်နှင့် တစ်နေကုန်နီးပါးအိပ်နေသည်။ ပြန်နိုးလာ တော့ ဒယီးဒယိုင်နှင့် သူ့ကြောင်စာဘူးဆီင်္ လမ်းလျှောက်သည်။ ကြောင်စာဘူးထားထားသော နေရာက လှေကားထစ် လေးတစ်ထစ် ဆင်းရသောကြောင့် ထိုလှေကားထစ်လေးကို ဆင်းလိုက်ရာတွင် အာကြီး ကျွမ်းထိုးပြီးပြုတ်ကျသည်။ အမေက င့ါကြောင်ကလေးသေပါပြီဆိုပြီး အာကြီးကို ပြေးပွေ့ပြီး အိပ်ယာထဲပြန်ထည့်ပေးသည်ဆို၏။ ဒါတွေက ကျွန်မ အိမ်မှာမရှိစဉ်မှာ ဖြစ်ခဲ့ခြင်းတွေဖြစ်သည်။ ယခုတော့လည်း တာဝန်ကျေသည်ဖြစ်စေ မကျေသည်ဖြစ်စေ အိမ်မှာနေတာလည်း ငါးနှစ်နီးပါးရှိနေပြီဖြစ်သော ကျွန်မတို့ အာကြီးသည် ကျွန်မတို့၏ မိသားစုဝင်စစ်စစ်တစ်ယောက် ဖြစ် နေပါပြီ။
ကျွန်မဘ၀တွင် ပိုင်ဆိုင်ခဲ့ဖူးသော ကြောင်ကလေးပေါင်းများစွာရှိသည်။ ကြောင်ထီးလေးတွေ၊ ကြောင်မလေးတွေ၊ အင်း .. ကြောင်အခြောက်ကလေးကတော့ အာကြီးတစ်ယောက်လောက်သာ ရှိမည်ထင်ပါသည်။ နံမည်တွေလည်း ပေါင်းစုံ ပေးခဲ့ဖူးသည်။ ကျွန်မနှစ်သက်ခဲ့သော တရုတ်မင်းသားကျန်ကျောင်းမှစကာ ဂျက်ကီချန်း၊ ဂျက်လီတို့ အပါအ၀င် ဘင်ဂိုစ သော အင်္ဂလိပ်နံမည်များပါ ပါဝင်သည်။ တစ်ခုထူးခြားသည်မှာ ကြောင်ကလေးများအားလုံးလိုလိုသည် ကျွန်မကို အလွန် ချစ်ကြသည်။ သို့မဟုတ် အလွန်ချစ်ကြသည်ဟု ကျွန်မထင်သည်။ ကျွန်မရှိလျှင် ကျွန်မနားမှ မခွာ။ အာကြီးက ကျွန်မနှင့် အိပ်ယာတူတူမအိပ်သော်လည်း အခြားသော ကြောင်ကလေးများ အတော်များများကတော့ ကျွန်မနှင့်အတူအိပ်ကြသည်။
ကျွန်မ အိမ်ထောင်ကျတော့ ကျွန်မ၏ခင်ပွန်းသည်က ခဏခဏ အလိုလိုစိတ်ဓါတ်ကျတတ်သော ကျွန်မအား ကြောင်မွေးများ ပါးစပ်ထဲဝင်လျှင် စိတ်ကျရောဂါဖြစ်နိုင်ချေရှိသည်ဟူသော အချက်ဖြင့် ကြောင်များနှင့်နီးနီးကပ်ကပ် နေခွင့် မပေးတော့။ ဆိုတော့ သူ့စကားကို နားထောင်သောအားဖြင့် ကျွန်မ သူ့ရှေ့တွင် ကြောင်တွေနှင့် ရင်းရင်းနှီးနှီး သိပ်မနေ။
ကျွန်မ မှတ်မှတ်ရရ ဆယ်တန်းစာမေးပွဲဖြေခါနီင်္း ငါးလလောက်အလိုတွင် အကြီးအကျယ်ဖျားဖူးသည်။ ငှက်ဖျား၊ အူရောင်ငန်းဖျားနှင့် အသည်းရောင်အသားဝါ သုံးခုရောဖြစ်ခြင်းဖြစ်သည်။ ပထမတော့ နှစ်ခုတည်း။ နောက် အပြင်ဆေး ခန်းတစ်ခုမှာ တက်ရောက်ကုသလိုက်ပြီးနောက်ပိုင်း ဆေးထိုးအပ်မှ တစ်ဆင့် အသားဝါပိုးကူးသည်။ ကံကောင်းထောက်မ စွာဖြင့် ဘီပိုး၊ စီပိုး ဘာပိုးမှ မကူးလိုက်။ ဆေးရုံတွင် အသားဝါပိုးကူးပြီးနောက်ပိုင်း နာ့စ်မတစ်ယောက်ဖြစ်သော ကျွန်မ အမေက ကျွန်မကို အိမ်ပြန်ခေါ်လာသည်။ အိမ်မှာပင်ကုတော့မည် ဆို၏။ ထိုအချိန်တွင် ကျွန်မဘေးမှာ ဘယ်သူမှမရှိ။ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေကလည်း အနေဝေးနေသည်က တစ်ကြောင်း၊ ပိုးကူးမှာ စိုးသောကြောင့်လား မသိသောကြောင့်က တစ်ကြောင်းတို့က ကျွန်မကို ပိုမိုအထီးကျန်စေသည်။ ထိုအချိန်တုန်းက ကျွန်မတို့အိမ်မှာ မွေးထား သော ကြောင်ကလေးနံမည်က ပြည့်စုံဟုခေါ်သည်။
ပြည့်စုံက အခြားကြောင်တွေထက် နည်းနည်းတော့ထူးသည့်ကြောင်ဟု ခေါ်နိုင်သည်။ အချို့ကြောင်တွေက အိမ် တွင် လူမမာစသော အပူတစ်ခုခုရှိလျှင် အိမ်ပေါ်မှဆင်းသွားတတ်ကြသည်ဟု ကြားဖူးသည်။ ယခု ကျွန်မတို့ကြောင် ပြည့်စုံကတော့ အိမ်ပေါ်မှ မဆင်းသည့်အပြင် လမ်းမလျှောက်နိုင်သဖြင့် အိပ်ယာထဲလှဲနေရသော ကျွန်မဘေးတွင်ပင် တစ် နေကုန်နေသည်။ သူအိမ်ပေါ်မှ မဆင်းသည်မှာ ကျွန်မကိုချစ်သောကြောင့်ပဲလား၊ သို့မဟုတ် အခြားသွားစရာနေရာမရှိ သောကြောင့်ပဲလားတော့ သူပဲသိမည်ထင်သည်။ တစ်နေကုန် ရောဂါဖြင့် အဖော်မဲ့နေရသော ကျွန်မဘေးတွင် ပြည့်စုံရှိနေ ခြင်းအားဖြင့် ကျွန်မအား အားတက်စေသည်။ ကျွန်မ ထိုစဉ်တုန်းက သူနှင့် တစ်နေကုန်စကားပြောသည်။ သူကလည်း ကျွန်မ စကားကို နားလည်သယောင်ဖြင့် တညောင်ညောင်သံယောင်လိုက်ပေးသည်။ ပြီးလျှင် ကျွန်မပေါင်ပေါ်တက်အိပ် သည်။ ထိုသို့ဖြင့် အသည်းအသန် ဝေဒနာခံစားနေရသော ကျွန်မ လပိုင်းအကြာတွင်  နေပြန်ကောင်းလာသည်။ကျွန်မ နေပြန်ကောင်းပြီး သိပ်မကြာမီ ပြည့်စုံဆုံးသွားသည်။ ပြည့်စုံဆုံးသောအချိန်တွင် ကျွန်မ အိမ်မှာမရှိ ။ ဘာကြောင့် မရှိခဲ့ သည်ကိုတော့ ကျွန်မ မမှတ်မိ။ ကျွန်မ ၀မ်းနည်းပြီး ပြည့်စုံအတွက် စာလေးတစ်စောင် ရေးခဲ့သည်ကိုတော့ မှတ်မိသည်။
ကျွန်မဘ၀တွင် ကြောင်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့ဖူးသည်။ အမျိုးအစားစုံ၊ အသွေးအမွေးစုံ ၊ နံမည်စုံဖြင့် ကြောင် ပေါင်းများစွာတို့ ကျွန်မဘ၀ထဲတွင် ၀င်ထွက်သွားလာခဲ့ကြဖူးသည်။ ကျွန်မအား ပျော်ရွှင်မှုပေါင်းစုံ၊ ၀မ်းနည်းမှုပေါင်းစုံတို့ ကိုလည်း ပေးစွမ်းခဲ့ကြသည်။ တကယ်တော့ သူတို့ကို ကျွန်မပိုင်ဆိုင်ခဲ့ခြင်းမဟုတ်။ သူတို့ကသာ ကျွန်မကို ပိုင်ဆိုင်ခဲ့ကြ ခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က ငယ်သူငယ်ချင်းတစ်ယောက်က ကျွန်မ၏ မွေးနေ့တွင် “နောက်ဘ၀ကျ ဘာဖြစ် ချင်သလဲ” ဟု ကျွန်မကို မေးဖူးသည်။
နောက်ဘ၀ကို ကျွန်မမယုံပါ။ ရှိခဲ့သည်ရှိသော် ကျွန်မ ကြောင်ကလေးတစ်ကောင်မဖြစ်ချင်ပါ။ ကြောင်ကလေးများကျွန်မဘ၀တွင် ရှိခဲ့ဖူးသဖြင့် ကျွန်မပျော်ရွှင်ခဲ့ရဖူးသော်ငြား သူတစ်ပါးအား အမြဲပျော်ရွှင်နိုင်စေရန် အသုံးတော်အဖျော်ဖြေ ခံရသော ၊ မလိုလျှင် ရိုက်မောင်းပုတ်မောင်း လုပ်ခြင်းခံရမည်ဖြစ်သော ကြောင်ကလေးများဘ၀ကို ကျွန်မမရလိုပါ။ ထို့အတူ ကမ္ဘာပေါ်တွင် ကြောင်ကလေးများလည်း မရှိစေလိုပါ။ ကြောင်ကလေးများ ကမ္ဘာပေါ်တွင် မျိုးတုံးသွားလျှင် ဘာဖြစ်နိုင်မည်နည်းဟု ကျွန်မ မတွေးဖူးပါ။ ကြောင်ကလေးများ မရှိတော့လျှင် ကမ္ဘာပေါ်တွင် အလိုလိုနေရင်း ရန်လိုနေတတ်သော လူ့ငနွားများ နည်းပါးသွားမည်ဟုလည်း ကျွန်မ အာမမခံပါ။ ကျွန်မ၏ ပျော်ရွှင်မှုများလည်း ပျောက်ဆုံးကုန်လိမ့်မည်ဟု ကျွန်မမထင်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မ ကြောင်ကလေးများကို သည်လောကတွင် မရှိစေချင်ပါ။ ဘယ်လိုကြည့်ကြည့် ကျက်သရေမယုတ်တတ်သော ကြောင်ကလေးများသည် သည်ညစ်ညမ်းသော ကမ္ဘာကြီးနှင့် မထိုက် တန်ဟု ကျွန်မခံစားရပါသည်။ ကြောင်ကလေးများ မရှိတော့လျှင် ကောင်းပါမည်။ ထိုသို့ ကျွန်မ တွေးပါသည်။
၂၀၁၄ ၊ စက်တင်ဘာ ၁၈ (ကြာသပတေး) ၊ ၄း၂၈ ညနေ
ဗုဒ္ဓဟူးနေ့ နေ့လယ်မှာ ရောက်လာတဲ့ ဧည့်သည်
 ကျွန်မဆီမှာ ရှင်တို့ကိုပြောပြရင် (နည်းနည်းလောက်ပဲဖြစ်ဖြစ်)အံ့အားသင့်စေမယ့် ကိစ္စလေးတစ်ခုရှိတယ်။ ကျွန်မရဲ့ ဧည့်သည်တစ်ယောက် နဲ့ပတ်သက်ပြီးတော့ပေါ့။ လူနာလို့လည်း ပြောချင်ပြောပေါ့။ ကျွန်မကိုယ်တိုင်တော့ ဘယ်ဟုတ်ပါ့မလဲ။ လူတွေက ကိုယ့်အကြောင်းတော့ ကိုယ်အကောင်းပဲပြောချင်ကြတာဆိုတော့ အဲဒီလူတွေထဲမှာ ကျွန်မလည်းအပါအ၀င်ပေါ့။ လူနာဆိုလို့ ကျွန်မကို ဆရာဝန်လားလို့ မေးလာမယ်ဆိုရင် ဟုတ်ကဲ့လို့ဖြေရမှာပဲ။ အမှန်အတိုင်းပြောရရင် ဆေးကုရမယ့်အလုပ်ကို ကျွန်မ မကြိုက်ဘူး။ ဒါပေမယ်လို့ ကျွန်မရဲ့မိဘများက သိပ်ကြိုက်တဲ့အတွက် ကျွန်မဆရာဝန်ဖြစ်လာခဲ့တယ်။ ကျွန်မစိတ်ရောဂါကုဆရာ ၀န်တစ်ယောက် ဖြစ်လာတယ်။ အအောင်မြင်ကြီးတော့ မဟုတ်ပေမယ်လို့ ဆရာဝန်ဆိုတဲ့ဂုဏ်ပုဒ်လေးနဲ့တော့ လူအများကြား ကျွန်မဦး မော့နိုင်တယ်ပေါ့လေ။ ကျွန်မတို့ရဲ့ နိုင်ငံရေးအခြေအနေနဲ့ နိုင်ငံထဲက လူတွေရဲ့ စိတ်ဓါတ် ခံယူချက်များအားဖြင့် အားလုံး ခြုံကြည့်ရင်တော့ မဆိုးလှပါဘူး။ ကျွန်မ အဲဒီနေ့က ဆေးရုံကို အရင်နေ့တွေလိုပဲ လာခဲ့တယ်။ ထမင်းဘူးကို ခုံပေါ်မှာချပြီး ဂျူတီကုတ်ကိုဝတ်တယ်။ပြီးတော့ဒီနေ့ကြည့် ရမယ့် လူနာတွေစာရင်းကို ကျွန်မတောင်းတယ်။ ပြီးတော့လိုက်ကြည့်တယ်။ နေ့လယ်ပိုင်းလောက်ထိပေါ့။ နေ့လယ်ရောက်တော့ ကျွန် မ နားနေခန်းထဲ ပြန်ရောက်နေပြီ။ ကျွန်မရဲ့နားနေခန်းအရှေ့က ဘာပင်မှန်းသေချာမသိတဲ့ သစ်ပင်အကြီးကြီးတစ်ပင်က မတ်မတ်ကြီး တည်လို့။ အကိုင်းတွေက သူ့ကိုယ်ကနေ မွေးထုတ်လိုက်တဲ့ပစ်စလက်ခတ်ကလေးတွေလိုမျိုး ထိုးထိုးထောင်ထောင်နဲ့ ထွက်ချင်တဲ့နေ ရာကို ထွက်လို့။ လူနာခန်းတွေကနေကြည့်မယ်ဆိုရင်လည်း တကယ်ဆိုရင်မြင်ရနိုင်တယ်။ဒါပေမယ်လို့ ကျွန်မတို့ဆေးရုံက လူနာတွေ ကို ထားတဲ့အခန်းတွေမှာ မျက်နှာလေးပေါ်ရုံမြင်ရတဲ့ အလုံပိတ်သံတံခါးကြီးတစ်ခုကိုပဲ တပ်ထားတယ်။ ပြတင်းပေါက်ဆိုတာ သူတို့အ ခန်းထဲမှာ မရှိဘူး။ ကျွန်မတို့ဆီင်္ရောက်လာတာ ကြာနေတဲ့ တချို့လူနာတွေဆိုရင် အသားအရောင်ဖြူဖျော့ဖျော့တောင် ဖြစ်နေကြပြီ။ တ ကယ့်တကယ်တမ်းဆိုရင် စိတ်နေမကောင်းလို့ ရောက်လာကြတဲ့လူနာတွေရဲ့ အခန်းတွေမှာ အပြင်ဘက်နဲ့ဆက်သွယ်နိုင်ဖို့ ပြတင်း ပေါက်လေးတစ်ခုတော့ ထားပေးသင့်တယ်မဟုတ်လား။ ထားပေးသင့်တယ်မဟုတ်လားလို့ ကျွန်မတခြားဆရာဝန်တွေကိုမေးကြည့်ဖူး တယ်။ သူတို့အားလုံး တညီတည်းခေါင်းခါတယ်။ ရူးနေတဲ့လူတွေကို ပြတင်းပေါက်ပေးလိုက်ရင် မျောက်လက်ထဲအနုမြူအပ်လိုက်သလို ဖြစ်သွားလိမ့်မယ် ။ ခင်ဗျားဒါကိုမယုံလို့ စမ်းကြည့်ချင်တယ်ဆိုရင်တောင် ခင်ဗျားဘက်က ဘယ်သူမှ လိုက်ကြမှာမဟုတ်ဘူးတဲ့။ ကျွန်မကသာ လူနာတွေအတွက် ဘာလုပ်ပေးရင်ကောင်းမယ်၊ ဘာညာလျှောက်တွေးနေတာပါ။ သူတို့ကတော့ သူတို့အခန်းမှာပြတင်း ပေါက်မရှိတဲ့ ကိစ္စကို သာမန်ကိစ္စတစ်ခုလို့ပဲ သဘောထားနေကြသလားတော့ မသိဘူး။ ဘယ်လိုမှ မနေကြဘူး။ပြတင်းပေါက် မရှိတာကို တကယ်ပဲ ဘယ်လိုမှ မခံစားကြရတာလား။ ဒါမှမဟုတ် အစကတည်းက ပြတင်းပေါက်မရှိတဲ့အခန်းထဲ ရောက်လာကြရတဲ့ အတွက် ပြတင်းပေါက်မတပ်ထားတာကို နစ်နစ်နာနာကိစ္စကြီးလို့ မတွေးဖြစ်ကြတာလား။ ဒါကိုလည်း ကျွန်မ မသိဘူး။ ဘာပဲပြောပြော ပြတင်းပေါက်မရှိတဲ့ အ ခန်းမှာ ပြတင်းပေါက်ကိုမတပ်မက်ကြတဲ့ လူတွေအတွက် ပြတင်းပေါက်တွေအများကြီးရှိတဲ့ ကျွန်မရဲ့ နားနေခန်းထဲမှာ ထိုင်ပြီး ကျွန်မ ခဏခဏ သောကတွေပွားရတယ်။( ဒါမကောင်းဘူးလို့ အတ္တ၀ါဒီစွဲလမ်းနေတဲ့ ကျွန်မရဲ့ ချစ်သူကတော့ ပြောရှာပါတယ်။) သူ ကျွန်မဆီရောက်လာတဲ့နေ့က မိုးစွတ်ရုံရွာထားတဲ့နွေအကူးရာသီတစ်ခုဖြစ်နေတာကြောင့် ကျွန်မ အရမ်းပူနေတဲ့အချိန်ပေါ့။ ဘယ် သူမှ မရှိဘူးဆိုပြီး ကျွန်မရဲ့ ဂျူတီကုတ်ကို ဂျူတီချိန်မှာချွတ်ပစ်မိတော့မလို့ပဲ။ သူ့ကိုကျွန်မ ပထမစမြင်လိုက်တဲ့အချိန်တုန်းက သူ့ကို လူ နာလို့ မထင်မိဘူး။ ကျွန်မ အတွေ့အကြုံနည်းတာလည်း ပါမှာပေါ့လေ။ ကျွန်မကို မြင်တော့သူ ခေါင်းညွတ်မလိုလေးလုပ်ပြတယ်။ ဒါပေ မယ့် သူမလုပ်လိုက်ဘူးလားလို့။ သူ့ကြည့်ရတာ အားငယ်နေသလို ရှက်နေသလို ပတ်ဝန်းကျင်သစ်ကို ပျော်မွေ့နေသလို တမျိုးပဲ။ စစ တွေ့ချင်းမှာ ကျွန်မသူ့ထက် သူ့နောက်က လူကို လူနာလို့ ထင်လိုက်မိတယ်။ နောက်မှသိရတာက ကျွန်မဆီကို ရောက်လာကြတဲ့ လူနာ အတော်များများကို ကျွန်မ အဲဒီလိုပဲ အမြဲတမ်း လူကောင်းတွေရယ်လို့ အထင်လွဲလွဲနေမိတယ်ဆိုတာကိုပဲ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေလုပ်နေတဲ့ သူ့ကို လိုက်ပို့တဲ့လူကို သူက သူနဲ့ မဆိုင်သလိုရပ်ကြည့်နေတယ်။ သူ့ကိုကြည့်ရတာ ကျွန်မ တို့ ပုံစံလုပ်နေတဲ့ စာရွက်စာတမ်းတွေထက် စကားပြောချင်နေတဲ့ပုံပဲ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှု တစ်ချို့ပြီးတဲ့အချိန်မှာတော့ ကျွန်မ သူ့ကို ကျွန်မရဲ့ ရုံးခန်းထဲကို ဖိတ်ခေါ်လိုက်တယ်။ အခန်းဝရောက်တော့ သူဖိနပ်ချွတ်တယ်။ “အို .. ဖိနပ်ချွတ်ဖို့ မလိုပါဘူး။ ဒီတိုင်း ၀င်လာပါ။” လို့ ကျွန်မသူ့ကို ရုံးသုံးချိုသာစကားနဲ့ တယုတယင် ဖိတ်ခေါ်လိုက်တယ်။ စိတ်ကျန်း မာရေးနဲ့ ပတ်သက်တဲ့လူနာတွေကို တခြားသာမန်လူနာတွေထက် ပိုပြီး တယုတယင် ဆက်ဆံဖို့လိုအပ်တယ်ဆိုတာကို ကျွန်မ သင်ယူ ဖူးတဲ့အတွက် ကျွန်မ သူတို့လို လူတိုင်းကို ဒီလိုပဲ ချိုချိုသာသာနဲ့ တယုတယင် ပြောဆိုလေ့ရှိတယ်။ များသောအားဖြင့်တော့ ကျွန်မစိတ်ထဲ က အရမ်းကြီးလိုလားတာမျိုး မရှိဖူးပါဘူး။ သူ ကျွန်မကို ခေါင်းညိတ်ပြတယ်။ အခန်းထဲရောက်တော့ ကျွန်မရဲ့ ရုံးခန်းကို သူအခန်းရဲ့ အလယ်နားလောက်မှာ မတ်တပ်ရပ်ပြီး လှည့် ပတ်ကြည့်ရှုတယ်။ သူ့ကြည့်ရတာ စိတ်ချမ်းသာနေတဲ့ပုံပဲ။ ကျွန်မရဲ့ ရုံးခန်းလေးကို သူကြည့်နေရတာနဲ့ပဲ “ထိုင်ပါ”လို့ ပြောလိုက်တဲ့ ကျွန်မရဲ့ အသံကိုရော၊ ကျွန်မ လက်ညှိုးညွှန်ပြလိုက်တဲ့ သူထိုင်ဖို့ခုံလေးကိုရော သူမကြားမမြင်လိုက်ဘူး။ ဒါမှမဟုတ် သူစိတ်မ၀င်စား လိုက်ဘူး။ နောက်မှ သူသတိထားမိသွားဟန်နဲ့ သူ့အတွက် ထားထားတဲ့ခုံမှာ သူဝင်ထိုင်တယ်။ သူရုတ်တရက် လှုပ်ရှားလိုက်ပုံက သုံးပေလောက် ပဲ ဝေးတဲ့ သူနဲ့ ကျွန်မကြားထဲမှာ ကျွန်မပြောလိုက်တဲ့စကားက အေးခဲသွားလို့ အခုမှရုတ်တရက်ကြားလိုက်ရသလိုမျိုးကြီး။ သူနဲ့ ကျွန်မကြားမှာ စားပွဲခုံဖြူဖြူတစ်လုံးခြားထားတယ်။ ဒီစားပွဲခုံပေါ်မှာ ကျွန်မပန်းအိုးနဲ့ ပန်းတစ်ချို့ကလွဲလို့ ဘာမှတင်မထားဘူး။ အခန်းဟာ ရှင်းလင်းနေတယ်။ အခန်းထဲမှာ ပန်းအိုးတင်တဲ့စားပွဲရယ်၊ ပန်းအိုးထဲက ပန်းရယ်၊ ပန်းထည့်ထားတဲ့ ပန်းအိုးရယ်နဲ့ ထိုင်ခုံနှစ်လုံးပဲ ရှိတယ်။ ကျွန်မ သူ့ကိုလိုအပ်တဲ့ မေးခွန်းတွေ မေးမယ်လုပ်ဆဲမှာ သူက ကျွန်မကို ရုတ်တရက် ထပြီး ဦးခေါင်းညွှတ်ပြပြန်တယ်။ အမှတ်တမဲ့ ဖြစ်ရပ်အတွက် ကျွန်မသူ့ကို အံ့သြသွားပေမယ်လို့ ကျွန်မတို့ဆီရောက်လာတဲ့ အရူးတိုင်း .. ဆောရီး .. စိတ်ရောဂါရှင်တိုင်းဟာ အဲဒီလို အမှတ်တမဲ့ အပြုအမူလေးတွေကို ပြုမူတတ်ကြတယ်ဆိုတာကို ကျွန်မချက်ချင်း သတိရလိုက်မိတဲ့အတွက် ရေလိုက်ငါးလိုက်ပဲ ပြန်နေလိုက်တော့တယ်။ သူအကျီဖြူကို ၀တ်ထားတယ်။ မတ်တပ်ထရပ်ပြီး ကိုင်းညွှတ်ပြလိုက်ပုံက ကျွန်မနားနေခန်းနောက်က ဘာပင် မှန်းမသိတဲ့ အပင်ကြီးနဲ့တောင် ခပ်ဆင်ဆင်ပဲ။ ဒီလူဟာ အင်မတန် ရုပ်ဆိုးတဲ့သူပဲဆိုတာကို သူ့ကိုရေလိုက်ငါးလိုက်နေလိုက်ရင်းနဲ့ ကျွန်မ သတိထားမိလိုက်တယ်။ သူက ခန္ဓာကိုယ်ကို ကိုင်းကိုင်းမျောမျောကြီးလုပ်ပြရာက ပြန်ထိုင်နေလိုက်တယ်။ “ကျွန်မ မရူးပါဘူးဆရာမ။” ဒီကိုရောက်လာတဲ့ စိတ်ရောဂါရှင်တိုင်းလိုလို ဒီစကားကိုပြောလေ့ရှိကြတယ်။ တချို့များဆို သူတို့ကိုယ်သူတို့ ရှေးတုန်းက သေသွားတဲ့ ဘုရင်မတွေ မင်းသား မင်းသမီးနဲ့ ဘုရင်တွေ သေလို့ဝင်စားတာပါလို့တောင် ပြောတတ်ကြတယ်။ သူတို့ရှေ့မှာဆိုရင်တော့ သူတို့ကို ကျွန်မတို့ ဖေးဖေးမမ စကားတွေပြောကြတာပေါ့။ နောက်ကွယ်မှာတော့ ကျွန်မတို့ သူတို့ကို ဟားကြတယ်။ ကျွန်မတို့ဆီလာတဲ့ ဧည့် သည်တွေက များတဲ့အတွက် လူတိုင်းကိုတော့ ကျွန်မတို့ လိုက်မဟားနိုင်ကြပါဘူး။ “ဟုတ်ပါတယ်။ ဒီကိုရောက်လာတဲ့ လူတွေဟာ မရူးဘဲရောက်လာတာတွေလည်းရှိတတ်ပါတယ်။ တချို့က ကိုယ့်ရဲ့စိတ်အခြေအနေကို ဆန်းစစ်ကြည့်ကြဖို့ ပညာရှင်တွေနဲ့တိုင်ပင်ဖို့ ရောက်လာကြတာမျိုးပေါ့။ ရှင်လည်း ဒီလိုဖြစ်မယ်ထင်တယ်။ ဟုတ်လား။” “ပညာရှင်ဆိုတာ ဘယ်သူတွေလဲ။” ကျွန်မ စကားဆုံးဆုံးချင်း သူကျွန်မကို ဖြတ်မေးတယ်။ ကျွန်မ သူ့အမေးကို အဲ . အဲ .. နဲ့ အတန်ကြာပြန်ဖြေဖို့ နှုတ်ဆွံ့နေတာကြောင့် သူ့ကို မကြားဟန်ပြုပြီး ဘာအတွက် လာခဲ့တာလဲလို့ပဲ ပြန်မေးလိုက်တယ်။ သူကဖြေတယ်။ “ကျွန်မ တကယ်တမ်းပြောရရင် ကျွန်မက သာမန်လူတစ်ယောက်ပါ။ စာအုပ်တွေအများကြီးဖတ်တယ်။ အများကြီးလည်း ကိုယ်နဲ့မဆိုင် တာတွေကို တွေးမိဖူးတယ်။ တွေးဖူးတယ်။ အရင်ကတော့ တွေးရုံပဲဆရာမ။ ဒါပေမယ်လို့ ခုတလော ကျွန်မစကားတွေ အများကြီးပြော ပြောမိနေတယ်။ တွေးနေရုံပဲက ပြသနာမရှိခဲ့ပေမယ်လို့ ခုချိန်မှာတော့ စကားပြောမိတဲ့အတွက် ပြသနာတွေရှိနေပြီ ဆရာမ။ ဒါကြောင့် သူတို့ ကျွန်မကို ဒီကိုခေါ်လာကြတယ်။” “ဘာတွေ ပြောမိလို့လဲ။” ကျွန်မရဲ့ အမေးကို သူပြန်မဖြေဘူး။ အကြာကြီး စားပွဲပေါ်က ပန်းအိုးကို ဆွေးသလို ငေးကြည့်နေတယ်။ သူ့ကြည့်ရတာ ပန်းပွင့်လေး တွေ ပန်းအိုးထဲမှာ လန်းနေတာကို စိတ်မကောင်းဖြစ်နေတဲ့ပုံပဲ။ “တကယ်ဆို ကျွန်မ စာတွေအများကြီး မဖတ်သင့်ဘူး။ ” လို့ သုံးခါ ပြောတယ်။ပြီးတော့ အကြာကြီးနှုတ်ဆိတ်ပြီး ကျွန်မကိုကြည့်နေ တယ်။ ကျွန်မ သူ့အကြည့်ကို ပြန်တုံ့ပြန်ရင်း ချောင်းတစ်ချက်ဟန့်လိုက်တယ်။ “ဒီလိုလေ။ ” လို့ ကျွန်မပြောလိုက်တော့ သူကျွန်မကို မျက်လုံးတစ်မျိုးနဲ့ ကြည့်တယ်။ ကျွန်မဆက်ပြောလိုက်တယ်။ “စာဆိုတာကတော့ မဖတ်သင့်ဘူးရယ်လို့တော့ မရှိဘူးပေါ့လေ။ အလိမ္မာစာမှာရှိလို့လည်း ဆိုကြတယ်မဟုတ်လား။” “ဒါပေမယ်လို့ စာတိုင်းက မလိမ္မာကြဘူးဆရာမ။ တချို့စာတွေ ဆိုးတယ်။” သူ ဘာဆက်ပြောမလဲလို့ ကျွန်မ စကားကိုရပ်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ ဒါပေမယ်လို့ သူဘာမှဆက်မပြောပါဘူး။ “ကျွန်မ ဒီမှာနေရင် ကျွန်မ တခြားလူတွေနဲ့ သဟဇာတမဖြစ်မှာစိုးတယ်။ ကျွန်မ နေနိုင်မယ်မထင်ဘူး။ပြီးတော့ အစိုးရ ၀န်ထမ်းတွေရဲ့ အကျင့်တွေကို ကျွန်မမုန်းတယ်။” “ဒီမှာ အားလုံးကို သာတူညီမျှ အခွင့်အရေးတွေ ပေးထားပါတယ်။ ရှင်နေကြည့်မယ်ဆိုရင် အဆင်ပြေသွားကောင်း ပြေသွားနိုင်တာပေါ့။ ဒါကလည်း နေကြည့်မှ သိရမယ်မဟုတ်လား။” “သာတူညီမျှဆိုတာ သိပ်ကိုနားထောင်ကောင်းတဲ့ သံစကားပဲ။ ဒါပေမယ်လို့ အပြင်တကယ့်လက်တွေ့ဘ၀မှာတော့ ဘယ်မှာမှ မရှိဘူး ဆရာမ။ ဆရာမ သာတူညီမျှဆိုတဲ့ စကားကို နားထောင်နေချိန်မှာ၊ ဒါမှမဟုတ် ပြောနေချိန်မှာ လောကကြီးဟာ တကယ်တမ်း သာတူညီိ မျှရှိနေပါတယ်လို့ ပြောနိုင်သလား။” “ဘာကိုဆိုလိုပါလိမ့်။” “ဆရာမ စကားကို ဆရာမတာဝန်ယူသလား။” ဒီလူနာဟာ တော်တော်တော့ ခက်တယ်။ ကျွန်မသူ့ကို ဒီမှာထားမယ်ဆိုရင် ကျွန်မတာဝန်ယူရမယ့် သဘောသူမေးနေတယ်။ ကျွန်မ ခေါင်းညိတ်ပြလိုက်တယ်။ သူ ပြန်ပြုံးပြတယ်။ “ကျေးဇူးပါ ဆရာမ။ ဆရာမသိလား။ ကျွန်မ ဒီကိုမလာခင် လူတစ်ယောက်ကို သတ်ခဲ့တယ်။” သူ့ရဲ့ ကိုယ်ရေးရာဇ၀င်အရ သူဟာ တရားရုံးကနေ ရောက်လာတဲ့ ဧည့်သည်မှန်း ကျွန်မသိထားတယ်။ ဒါပေမယ်လို့ ကျွန်မရဲ့ ဧည့်သည်က လူသတ်မှုကြောင့် ကျွန်မတို့ဆီရောက်လာတာလို့ တွေးပုံမရဘူး။ လုပ်သင့်တဲ့ အလုပ်တစ်ခုလို့များ သူထင်နေသလား တော့ ကျွန်မ မသိဘူး။ သူခုနက ပြောသလို စာတွေအများကြီးဖတ်လို့ ဒီကိုရောက်လာတာဆိုတာကတော့ အဓိက အကြောင်းရင်း မဟုတ်ဘူး။ ဒါကို သူမသိဘူး။ သူမသိဘူးဆိုတာကို သူမသိဘူး။ ဒါပေမယ်လို့ သူမသိဘူးဆိုတာကို ကျွန်မသိတာကြောင့် သူ့ကို ခေါင်းညိတ်ပြလိုက်တယ်။ သူက ခါးကို မတ်မတ်ထားပြီး အသက်၀၀ရှူလိုက်တယ်။ ကြည့်ရတာ သူ့အကြောင်း သူပြောတော့မယ့်ပုံပဲ။ ခဏနေတော့ မတ် ထားတဲ့သူ့ခါးက ပြန်ပြီးကိုင်းညွှတ်သွားတယ်။ “ဖောက်ပြန်တယ်ဆိုတာကို ဆရာမ သဘောပေါက်သလား။” ကျွန်မ ချစ်သူ ကျွန်မကို မဖောက်ပြန်ဖူးဘူး။ ဒါမှမဟုတ် သူဖောက်ပြန်ဖူးသလားဆိုတာကို ကျွန်မ မသိဘူး။ ဒါမှမဟုတ် သူကျွန်မ မသိ အောင် ဖောက်ပြန်ဖူးသလား ကျွန်မ မသိဘူး။ ဒီိကိစ္စနဲ့ပတ်သက်ရင်တော့ များသောအားဖြင့် ကျွန်မတို့မိန်းကလေးတွေဟာ စိတ်ဆတ် ကြတာများတယ်ဆိုတော့။ ဖောက်ပြန် ဆိုတဲ့စကားကို သူစသုံးလိုက်တဲ့အချိန်မှာ အပေါ်ကစကားတွေဟာ ကျွန်မဦးနှောက်ထဲ ချက်ချင်း ရောက်လာတဲ့ စကားလုံးတွေဖြစ်တယ်။ ဒါပေမယ်လို့ ဖောက်ပြန်ဆိုတဲ့ စကားလုံးဟာ ဆိုလိုရင်းတွေ အများကြီးရှိနေနိုင်သေးတာမို့ သူ ဘာကိုပြောချင်သလဲဆိုတာကို ကျွန်မ ပြန်မေးဖြစ်တယ်။ “ဘယ်နေရာက လာတဲ့ဖောက်ပြန်ခြင်းကို ပြောတာပါလိမ့်။” သူက ကျွန်မ ညွှန်ပြထားရာနေရာကနေ မတ်တပ်ထရပ်လိုက်ရင်း ကျွန်မ ကျောပေးထိုင်နေတဲ့ ပြတင်းပေါက်ဆီကို လှမ်းလာတယ်။ ကျွန် မ သတိထားပြီး ခန္ဓာကိုယ်ကို မတ်ထားလိုက်တယ်။ ဒါပေမယ်လို့ သူဘာမှမလုပ်ပါဘူး။ ကျွန်မကို ကျော်သွားပြီး ပြတင်းပေါက်က အပင်ကြီးကို ငေးနေတယ်။ ကျွန်မ သူ့ကို အနှောင့်အယှက်မပေးချင်ပေမယ်လို့ ကျွန်မမှာ တခြားဂျူတီတွေ ရှိနေသေးတယ်။ သူ့တစ်ယောက်တည်းကို အချိန်ပေးဖို့ ကျွန်မမှာ အချိန်မလုံလောက်ဘူး။ ဒါကြောင့် ကျွန်မ သူ့ကို သတိပေးတဲ့အနေနဲ့ ချောင်းတစ်ချက်ဟန့်(ကြည့်)လိုက်တယ်။ သူပြန်လှည့်လာတယ်။ “ခုနက ကျွန်မတို့ ဘာကိုပြောနေပါလိမ့်။”လို့ သူ့ကိုယ်သူမေးသလို တိုးတိုးပြောတယ်။ ပြီးတော့မှ “နေရာစုံက ဖောက်ပြန်ခြင်းတွေပေါ့ ဆရာမ။ လူတွေဟာ စက္ကန့်နဲ့အမျှ စိတ်ဓါတ်တွေဖောက်ပြန်ကြတယ်။ အခြေအနေ အကြောင်းအ မျိုးမျိုးဆိုတာကို အကြောင်းပြပြီး ဖောက်ပြားကြတယ်။ သူတို့ရဲ့ စိတ်ဓါတ်ဖောက်ပြားမှုအားလုံးဟာ သူတို့နဲ့မဆိုင်သလိုလို၊ ပတ်ဝန်း ကျင်အခြေအနေတွေကြောင့်ပဲ မဖြစ်မနေ ဖောက်ပြန်ကြရသလို သူတို့ပြောကြတယ်။ ကျွန်မ သိပ်မုန်းတာပဲသိလား။” သူက စကားပြောရင်းနဲ့ ကျွန်မရှေ့က စားပွဲပေါ်မှာ လက်နှစ်ဖက်ထောက်ရင်း ကျွန်မမျက်လုံးကို သူ့ရဲ့မျက်လုံးတွေနဲ့ အနီးကပ်ကြည့် ရင်း ပြောတယ်။ “သိလား။ အဲဒါကို သိလား ဆရာမ။” စိတ်ဝေဒနာရှင်လို့ သတ်မှတ်ခံထားရတဲ့ ဧည့်သည်တစ်ယောက်နဲ့ ကျွန်မ ဒီလောက်နီးနီးကပ်ကပ်နေဖို့ မသင့်တော်ဘူး။ ဒါကြောင့် ကျွန်မ သူနဲ့ အနည်းငယ်ဝေး(မယ်ထင်ရ)တဲ့ ကုလားထိုင်နောက်မှီကို မှီထိုင်ရင်း ခေါင်းတစ်ချက်ညိတ်ပြလိုက်ရင်း ထိုင်ပါဦးလို့ပါ သူ့ကို ပြောလိုက်တယ်။ ကျွန်မ ပြောတဲ့နေရာမှာ သူမထိုင်ဘူး။ “ကျွန်မငယ်ငယ်တုန်းက ဖြစ်ခဲ့တဲ့အကြောင်းတစ်ခုကို ကျွန်မပြောပြချင်လို့ပါ ဆရာမ။ အချိန်ရရင် နားထောင်ပေးပါလား။” ကျွန်မ ခေါင်းကို ခပ်သွက်သွက်ညိတ်လိုက်ရင်း “ရပါတယ်။” လို့ ပြောလိုက်တယ်။ “ကျွန်မ အသက် ၉ နှစ်အရွယ်မှာ လူတစ်ယောက်ကို သတ်ခဲ့တယ်။” ကျွန်မ သူ့ရဲ့ အဆီအငေါ်မတည့်တဲ့စကားကို နားထောင်ရင်း သူ့ကိုယ်ရေးအကျဉ်းရေးထားတဲ့ ဖိုင်ကို မသိမသာလှန်ကြည့်လိုက်တယ်။ ဖိုင်ထဲမှာ ရေးထားချက်အရ သူ့ကိုတရားရုံးကနေ မကြာသေးခင်ကမှ ကျူးလွန်ခဲ့တဲ့ လူသတ်မှုအတွက် ဒီကိုပို့လိုက်ခြင်းပဲ။ သူပြောတဲ့ အသက် ကိုးနှစ်တုန်းကဆိုတဲ့စကားကို ကျွန်မ နားမလည်ဘူး။ ဒါမှမဟုတ် သူစိတ်ဖောက်ပြန်ပြီးများ ပြောနေတာဖြစ်မလား။ ကျွန်မ တွေး နေုတုန်းမှာ သူကျွန်မကို ဆက်ပြောတယ်။ “အဲ .. ဒါထားပါ။ ကျွန်မကို ခုံရုံးတင်ထားတဲ့ လူသတ်မှုဆိုတဲ့ စွပ်စွဲချက်ကို ကျွန်မ ဆရာမကို အရင်ရှင်းပြချင်တယ်။” သူ စကားလမ်းပြောင်းသွားပြန်ပြီ။ ရပါတယ်။ သူဘာပဲပြောပြော ကျွန်မ နားထောင်ရတာပေါ့။ သူ ကျွန်မကို တစ်ချက်ကြည့်ပြီး ဆက်ပြော တယ်။ “ကျွန်မ အသက် ၂၂ နှစ်မှာ အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျပြီး တစ်နှစ်အကြာမှာ ကျွန်မရဲ့ အိမ်ထောင်ဖက်က ဖောက်ပြန်တယ်။ ဒီ မှာ ကျွန်မပြောတဲ့ ဖောက်ပြန်ခြင်းဆိုတဲ့စကားကို ဆရာမ နားလည်ပါလိမ့်မယ်။နော်။ ” ကျွန်မ ခေါင်းညိတ်ပြလိုက်တယ်။ “ဟုတ်ကဲ့” လို့ပါ ပါးစပ်က ပြောလိုက်တယ်။ “တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် မြောက်မှာ နှစ်ခါ ဖောက်ပြန်တယ်။ ပထမ အကြိမ်တွေကတည်းက သူကျွန်မကို အမှန်အတိုင်း ၀န်မခံဘူး။ နောက်ဆုံး အကြိမ်ရောက်မှ သူမှားခဲ့ပါတယ်လို့ ပြောတယ်။ ဒါပေမယ်လို့ သူမှားရုံ မှားခဲ့တာပါ၊ ဖောက်ပြန်ခဲ့တာ မဟုတ်ပါဘူးတဲ့။ ဖောက်ပြန်တယ်ဆိုတာကို ဆရာမ ဘယ်လို နားလည်ထားသလဲ။” ကျွန်မကို မေးတာလားလို့ ကျွန်မ ပြန်ဖြေမိတော့မလို့ပဲ။ ဒါပေမယ်လို့ ကျွန်မကို မေးတာမဟုတ်ဘူး။ သူ့အမေးကို သူဟာသူ ဆက်ဖြေ တယ်။ “ကျွန်မ ခံယူထားတဲ့ဖောက်ပြန်ခြင်း .. အင်း .. အိမ်ထောင်ရေး ဖောက်ပြန်ခြင်းဆိုတာကတော့ ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာ ကိုယ်ခံ ယူထားတဲ့ ခံယူချက်အတိုင်း တစ်ဖက်က မခံယူနိုင်ဘူးဆိုရင် ဒါဖောက်ပြန်တာပဲပေါ့။” သူ ပြောတာကို စိတ်ရောဂါသည်တစ်ယောက်က ပြောနေတယ်ဆိုတာထက် လူအချင်းချင်း စကားပြောနေတယ်လို့ ကျွန်မ ထင်စပြုလာ တယ်။ ဘာကြောင့်လည်းဆိုတော့ သူပြောတဲ့စကားတွေက သာမန်အမျိုးသမီးတစ်ယောက် ဘ၀မှာ ကြုံတွေ့ရမယ့် အခက်အခဲတစ်ခု ကို ဆွေးနွေးနေတာလို့ ကျွန်မ ထင်လိုက်မိတာမို့ပဲ။ ကျွန်မလည်း မိန်းကလေးတစ်ယောက်ဖြစ်တာမို့ သူပြောတဲ့အကြောင်းအရာနဲ့ တစ်ချိန်ချိန်မှာ ပတ်သက်(ကောင်းပတ်သက်)လာနိုင်တယ်။ ဒါကြောင့် ကျွန်မ အနည်းငယ် စိတ်ဝင်စားစပြုလာတယ်။ “အရှင်းဆုံး ပြောရရင်တော့ ဆရာမရယ် ..။ ကျွန်မခုနက ကျွန်မဟာ သာမန်မိန်းကလေးပါလို့ ပြောပြီးပြီနော်။ အဲ .. ဟုတ်ပြီ။ တကယ် တော့ ကျွန်မ သူနဲ့ချစ်သူဖြစ်စအချိန်ကတည်းက ကျွန်မရဲ့ ခံယူချက်ကို ပြောင်းခဲ့တယ်။ သူနဲ့ပတ်သက်ပြီးနောက်ပိုင်းမှာ ကျွန်မကို ကမ်း လှမ်းလာတဲ့လူတစ်ချို့ကို ကျွန်မ ကြုံခဲ့ရတယ်။ ဒါပေမယ်လို့ ကျွန်မ သူကလွဲလို့ တခြားယောကျာ်းလေးဆိုတာတွေကို သာမန်လူတစ် ယောက်ဆိုတာလောက်ပဲ သဘောထားဆက်ဆံခဲ့တယ်။ အိမ်ထောင်ကျပြီးတော့လည်း ဒီအတိုင်း ကျွန်မသူကလွဲလို့ တခြားယောကျာ်း သားတွေနဲ့ တွေ့တဲ့အခါမှာ သာမန်ခံစားချက်တစ်ခုအတိုင်းပဲ ကျွန်မခံစားခဲ့တယ်။ သူနဲ့ အိမ်ထောင်ရေးမှာ တစ်ခါတစ်လေ ကတောက် ကဆဖြစ်တဲ့အချိန်တွေတောင်မှပေါ့။ တခြားယောကျာ်းတစ်ယောက်နဲ့ ကျွန်မရဲ့ လက်ရှိခံစားနေရတဲ့ အပူတွေကို မျှဝေခံစားနိုင်တဲ့ အ ခွင့်အရေး ကျွန်မမှာ ရခဲ့တဲ့တိုင်အောင်တွေမှပေါ့။” ကျွန်မ အသက်ငယ်ငယ်မှာ ကျွန်မရဲ့ အဖေဟာ ကျွန်မတို့မိသားစုကို ထားပြီးထွက်သွားခဲ့တယ်။ အခုမှတွေ့တဲ့ မိန်းကလေးအသစ်တစ် ယောက်ကို တွေ့ပြီးတဲ့အချိန်မှာပေါ့။ အဲဒီအချိန်ကတည်းက ကျွန်မအဖေရဲ့ အကြောင်းကို ကျွန်မ အခုအသက်အရွယ်အထိ လုံးဝမကြား ခဲ့ရတော့ဘူး။ သေပြီလို့ ကျွန်မထင်ပါတယ်။ “ဒါပေမယ်လို့ သူကတော့ အဲဒီလို မဟုတ်ဘူးဆရာမ။ ကျွန်မတို့ရဲ့ အိမ်တွင်းရေး ကတောက်ကဆတ်တွေကို ကျွန်မမဟုတ်တဲ့ တခြား မိန်းမတစ်ယောက်နဲ့ အတူမျှဝေခံစားခဲ့တယ်။ သူမဖောက်ပြန်ခဲ့ဘူးဆိုပေမယ်လို့ ဒါကို ကျွန်မက ဖောက်ပြန်တယ်လို့ ယူဆခဲ့တယ်။ ယူ ဆသင့်တယ်လို့ ကျွန်မယုံကြည်တယ်။ ကျွန်မရဲ့ အိမ်ထောင်ရေးအခက်အခဲနဲ့ ကျွန်မရဲ့ အိမ်ထောင်ဖက်အပေါ်မှာ မကျေနပ်သမျှကို ကျွန်မ အခုအချိန်အထိ ဆရာမကိုကလွဲလို့ပေါ့လေ။ ဘယ်သူ့ကိုမှ ရင်မဖွင့်ခဲ့ဖူးဘူး။ ဒီတိုင်း မျိုသိပ်နေထိုင်ခဲ့တယ်။တခြား တစ်ယောက် အပေါ်မှာ ကျွန်မ ရင်ဖွင့်လိုက်မယ်ဆိုရင် အဲဒီတစ်ယောက်ဆီက ရလာမယ့် ဟန်ဆောင်တာဖြစ်ဖြစ် စာနာမှုတွေမျိုး၊ ကြင်နာမှုတွေမျိုးကို ကျွန်မ မလိုချင်ခဲ့လို့ပဲ။ ကျွန်မ မလိုချင်တဲ့တစ်ခြားတစ်ယောက်ဆီက ကြင်နာမှုတွေ စာနာမှုတွေကို သူကျတော့ လိုချင်ခဲ့သတဲ့။ ” ဒီစကားကို ပြောနေချိန်မှာ သူ အံတစ်ချက်ကြိတ်လိုက်တာကို ကျွန်မ မြင်လိုက်တယ်။ “အဲဒီ အမျိုးသမီးငယ်ဟာ သူ့ရဲ့ရင်ဖွင့်ဖော် ဖြစ်လာတာနဲ့အညီ ကျွန်မအပေါ်မှာ အဲဒီအမျိုးသမီးရဲ့ ရွံရှာမုန်းတီးစိတ်ဟာ တဖြည်းဖြည်း နဲ့ ပြင်းထန်လာတယ်။ သူနဲ့ ကျွန်မ တစ်ခါမှမမြင်ဖူးတာတောင်မှပေါ့။ ကျွန်မအိမ်ထောင်ဖက်ရဲ့ ကျွန်မအပေါ်မှာ မကျေနပ်တဲ့ မကျေနပ် ချက်တွေ၊ ပြီးတော့ ကျွန်မတို့ အိမ်တွင်းရေးမှာဖြစ်ပျက်နေတဲ့ နှစ်ယောက်တည်းသာသိတဲ့ အခက်အခဲနဲ့ မပွင့်လင်းမှုတွေကို အဲဒီအမျိုး သမီးငယ်လေးက အကုန်သိနေခဲ့သတဲ့။ ဒါနဲ့ပဲ အဲဒီအမျိုးသမီးလေးဟာ ကျွန်မအပေါ်မှာ မုန်းသထက် မုန်းလာခဲ့တယ်။” “ကျွန်မ သူတို့နှစ်ယောက် အဆက်အသွယ်ပြတ်သွားဖို့ သုံးနှစ်တိတိကြိုးစားခဲ့တယ်။ ဒီကြားထဲမှာ ကျွန်မတစ်ရက်မှ အမှန်အတိုင်း မ ပျော်ရွှင်နိုင်ခဲ့ဘူး။ ကျွန်မ အိမိထောင်ဖက်ကိုမြင်တိုင်း ကျွန်မ မသိစိတ်က မုန်းတီးနေခဲ့တယ်။ မသိစိတ်ရဲ့ သိမှုကို ကျွန်မသိနေတဲ့အ တွက် ကျွန်မသူ့ကို မုန်းမုန်းလာတယ်။ နောက်ဆုံး ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို လုပ်ခဲ့တယ်။ ” ဒီစကားအဆုံးမှာ သူကျွန်မကို ဖျတ်ခနဲ လှမ်းကြည့်တယ်။ သူ့အပြုံးက တစ်စုံတစ်ခုကို အောင်နိုင်လိုက်သူအပြူံးမျိုး။ “ကျွန်မ ဘာလုပ်လိုက်လဲသိလား။ နှစ်လအတွင်း အဲဒီအမျိုးသမီးလေးဆိုတာကို ကျွန်မရအောင်စုံစမ်းတယ်။ သူနေထိုင်ရာ ပတ်ဝန်းကျင် ထဲ ၀င်ဆံ့အောင် ကျွန်မနေလိုက်တယ်။ သူနဲ့ရင်းနှီးလာအောင် ကျွန်မကြိုးစားလိုက်တယ်။ နောက်ဆုံး သူနဲ့ရင်းနှီးနေတဲ့ ပတ်ဝန်းကျင် မှာ ကျွန်မနံမည်ကိုပါ ပြောင်းပစ်လိုက်တယ်။ လေးလကြာပြီးတဲ့နောက်မှာ သူ့ကို ကျွန်မနဲ့ တူတူနေဖို့ ဖိတ်ခေါ်တဲ့အခါ သူလက်ခံခဲ့ တယ်။” ကျွန်မ သူ့ကို မေးခွန်းထုတ်သလို ကြည့်လိုက်တယ်။ သူ ကျွန်မကို ရုတ်တရက်တစ်ချက်ကြည့်ရင်း ပြုံးပြီးဆက်ပြောတယ်။ “ဘယ်လို တူတူနေတာလဲဆိုတော့ လိင်တူချင်းဆက်ဆံလိုက်တာကို ပြောတာပဲပေါ့။” ကျွန်မ ကြက်သီးဖျန်းခနဲ တစ်ချက်ထသွားတယ်။ ကျွန်မရှေ့မှာ ရှိနေတဲ့ ဧည့်သည်ဟာ ကိုယ့်ခင်ပွန်းရဲ့ ရင်ဖွင့်ဖော်ဖြစ်ခဲ့တဲ့ အမျိုးသမီးနဲ့ ထပ်ဆင့် ဖောက်ပြားခဲ့သူပါလား။ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အတိုင်း တွေးကြည့်မယ်ဆိုရင် ကျွန်မရဲ့ဧည့်သည်စိတ်ထဲမှာ ဒီအမျိုးသမီးကို ဘယ့် ကလောက်တောင်မှ မုန်းတီးရွံရှာနေလိမ့်မလဲ။ မကြည့်ချင်လောက်အောင် မကြားချင်လောက်အောင်ကို ဖြစ်နေ(ကောင်းဖြစ်နေ)လိမ့် မယ်။ ဒီလို အမျိုးသမီးမျိုးကို လိင်တူချင်းဆက်ဆံဖို့ သူအကြံရသတဲ့။ သူဆက်ပြောတာကို ကျွန်မငြိမ်ငြိမိလေး (ဒါပေမယ်လို့ ငြိမ့်ငြိမ့် တုန်တုန်လှုပ်လှုပ်ကလေး) နားထောင်လိုက်တယ်။ “သူဟာ ကျွန်မထက်ကို လိင်စိတ်ပြင်းထန်တဲ့ အမျိုးသမီးပဲဆရာမ။ ဒါပေမယ်လို့ ကျွန်မလောက်တော့ ဆရာ ဘယ်ကျမလဲ။ နှစ်ခါ မြောက်အတူနေပြီးတဲ့အခါမှာ သူကျွန်မကို အစွဲကြီးစွဲသွားခဲ့တယ်။ ကျွန်မကို မတွေ့ရမနေနိုင်ဖြစ်လာတယ်။ နောက်ဆုံး ဘယ့်လောက် တောင်မှလဲဆိုရင် သူ့ကို အိမ်ထောင်ရေးမပြေလည်လို့ ရင်ဖွင့်နေရှာတဲ့ ယောကျာ်းတစ်ယောက်ရှိတယ်ဆိုတာရယ်၊ သူတို့အချင်းချင်း ပို့ထားကြတဲ့ ခေါ်ထားကြတဲ့ Message တွေနဲ့ ဖုန်း Call တွေကိုပါ ကျွန်မကို ပြလာတဲ့အထိ ပွင့်လင်းလာခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မ က သူ့ရဲ့ရင်ဖွင့်ဖော်ဖြစ်နေပြီး သူက ကျွန်မအိမ်ထောင်ဖက်ရဲ့ ရင်ဖွင့်ဖော်တစ်ယောက် ဖြစ်နေပြီ။ အဲဒီအမျိုးသမီးလေးရဲ့ အပြောအရ တော့ “တစ်နေ့နေ့တစ်ချိန်ချိန် အဆင်ပြေတဲ့အချိန်မှာ သူ့ယောကျာ်းနဲ့ အတူတွဲအိပ်နေတဲ့ပုံတွေ ကြင်နာနေတဲ့ပုံတွေကို ဓါတ်ပုံရိုက် ပြီး အဲဒီမိန်းမကို မြင်အောင်ပြဖြစ်အောင် ပြဦးမှာ။” တဲ့။ ဘာကြောင့် ဒီလိုလုပ်ချင်ရတာလဲလို့ ကျွန်မမေးတော့ သူကဖြေတယ်။ ရိုးရိုးလေးပဲ။ “ အဲဒီ မိန်းမကို မုန်းလို့။” တဲ့ ။ ဘာကြောင့်မုန်းလဲ ဆိုတဲ့ အဖြေကိုတော့ သူဝေ့လည်ကြောင်ပတ်နဲ့ ပြန်မဖြေခဲ့ဘူး။ ဒါဆို အဲဒီယောကျာ်းကို ရပြီးတဲ့နောက်ပိုင်း ငါ့ကို အဆက်ဖြတ်ပစ်မှာ လားလို့ မေးလိုက်တဲ့ ကျွန်မ အေ မးကိုတော့ သူက ပြုံးပြီးခေါင်းခါပြခဲ့တယ်။ ကျွန်မ သူ့ကို အကြိမ်ကြိမ်ဖြည့်ဆည်းပေးခဲ့တယ် ဆရာမ။ သူ ဘယ်လိုမှရုန်းမထွက်နိုင်တာ သေချာလောက်တဲ့အထိပဲပေါ့။” ကျွန်မ စိတ်ထဲမှာ ကျွန်မရဲ့ ဧည့်သည်ကို ချီးမွမ်းနေမိတယ်။ လူတွေပြောနေကြသလို ရူးရင်ရူး၊ မရူးရင် ထူးမယ်ဆိုတဲ့ အမျိုးသမီးမျိုးဖြစ် မယ်လို့ ကျွန်မကောက်ချက်ချလိုက်တယ်။ ဒါပေမယ်လို့ ရူးတယ်မရူးဘူးဆိုတာကို ကျွန်မ သေချာမသိဘူး။ “တစ်နေ့ ကျွန်မသူနဲ့ လိင်ဆက်ဆံဖို့ အပေါ်ထပ်ကို တက်လာရင်း လှေကားပေါ်ကနေ တွန်းချလိုက်တယ်။ သူက ချက်ချင်းအသက်မ ထွက်ဘူး။ မျက်လုံးကြီး ပြုးပြီး လှေကားအောက်ကနေ ကျွန်မကို မော့ကြည့်နေတယ်။ သူသိပ်သိချင်နေတဲ့ သူ့ကိုဘာကြောင့် ဒီလိုလုပ် သလဲဆိုတဲ့ အကြောင်းပြချက်ကို သူအသက်မထွက်ခင်ကလေးမှာ ကျွန်မပြန်ပေးလိုက်နိုင်တယ်။ ကျွန်မဟာ သူသိပ်မုန်းတီးရွံရှာနေတဲ့ မိန်းမဖြစ်တယ်ဆိုတာကိုပေါ့။ သူမျက်လုံးကြီး ပိုပြူးလာတယ်။ ပြီးတော့ ခေါင်းငိုက်စိုက်ကျသွားတယ်။” ကျွန်မ ရင်ထဲဒိန်းကနဲဖြစ်သွားပြီး သူ့ကိုကြည့်လိုက်တယ်။ သူက ကျွန်မကို ကြည့်မနေဘူး။ အောင်နိုင်သူ စစ်သူကြီးတစ်ယောက်လို မိန့် မိန့်ကြီးပြုံးပြီး မျက်နှာကြက်ဖြူဖြူကိုမော့ကြည့်နေတယ်။ ကျွန်မ သိထားတာ လူသတ်မှုပေမယ်လို့ သူ့အိမိထောင်ဖက်ကို သတ်တဲ့ အမှု ပဲ။ သူ့အိမ်ထောင်ဖက်ရဲ့ ရင်ဖွင့်ဖော်မိန်းကလေးကို သတ်မှုလို့ စစ်ချက်ထဲမှာ မပါဘူး။ ကျွန်မ သူပြောနေတဲ့စကားတွေကို အမှန်ယူရ မှာလို၊ အတည်ယူရမှာလိုတွေ ဖြစ်လာတယ်။ ကျွန်မ ရင်တွေခုန်လာတယ်။ “ဒါပေမယ်လို့ ကျွန်မကိုခုံရုံးတင်လိုက်တဲ့ စစ်ချက်က အဲဒါ မဟုတ်သေးပါဘူး။ သူ့ကိုသတ်လိုက်တဲ့ အမှုကိုလည်း ဘယ်သူမှ မသိကြ သေးဘူး။ ဘယ်တော့မှလည်း အဲဒီသတ္တ၀ါကို သတ်လိုက်တဲ့ကိစ္စလေးကြောင့် ကျွန်မကို ခုံရုံးတင်ကြမှာ မဟုတ်ပါဘူး။ လူမဆန်တဲ့ သတ္တ ၀ါဟာ ဘယ်မှာ လူဟုတ်မလဲ။ လူမဟုတ်တဲ့ သတ္တ၀ါတစ်ကောင်ကို သတ်လိုက်လို့ ကျွန်မတို့နိုင်ငံမှာ အပြစ်မဖြစ်ပါဘူး ။ ဟုတ်တယ်မ ဟုတ်လား ဆရာမ။” သူ့စကားကို ကျွန်မ တုံ့ပြန်ဖို့ အချိန်မရလိုကိခင်မှာပဲ သူစကားဆက်ပြောတယ်။ “ကျွန်မ ချက်ချင်းအိမိကိုပြန်တယ်။ ကျွန်မရဲ့ အိမ်ထောင်ဖက်ကို အလျှဉ်းသင့်သင့်ပဲ တွေ့ရတယ်။ ကျွန်မနဲ့ သူ့ရဲ့ရင်ဖွင့်ဖော် မိန်းက လေးတို့ရဲ့ ချစ်ခြင်းတွေကို သူ့ကိုပြလိုက်တယ်။ သူ ပထမတော့ မယုံကြည်သလို၊ နောက်တော့ အယုံကြည်လွန်သွားသလို ၊နောက်ဆုံး စိတ်ဖောက်ပြန်သွားသလို ကျွန်မကို အသံနက်ကြီးနဲ့အော်တော့တယ်။ ကျွန်မ အဲဒီအမျိုးသမီးကိုသတ်လိုက်တယ်လို့ပါ သူ့ကိုဝန်ခံ လိုက်တယ်။ အဲဒီအမျိုးသမီးဆီက ထွက်ကျလာတဲ့ဦးနှောက်အပိုင်းအစလေးကို သူ့ကိုထုတ်ပြလိုက်တယ်။ သူလုံးဝ ရူးသွပ်ကြောက်ရွံ့ သွားသလို အော်ဟစ်သောင်းကျန်းတော့တယ်။ ခဏနေတော့ သူပြန်တည်ငြိမ်သွားပြီး ကျွန်မကို တောင်းပန်တယ်။ သူမှားခဲ့ပါတယ်လို့ ပေါ့။ သူ့ကိုခွင့်လွှတ်ပါလို့ပေါ့။ အကြိမ်ပေါင်းများစွာ ကျွန်မအပေါ်မှာ ကိုယ်ချင်းမစာမနာနဲ့ အမှားတွေ လုပ်ခဲ့တဲ့သတ္တ၀ါတစ်ကောင်ကို ကျွန်မ ဘာကြောင့်ခွင့်လွှတ်ရမှာ တဲ့လဲ။ ကျွန်မ ခေါင်းခါပြလိုက်တယ်။ ပြီးတော့ သူ့ကို ကျွန်မရင်ခွင်ထဲမှာထည့်ပြီး သူ့ရဲ့ အသည်းနှလုံးဆီသွားမယ့် နောက်ကျောနေရာ ကို ဓါးနဲ့နှစ်ချက်ထိုးလိုက်တယ်။” ဘုရား .. ။ ခင်ပွန်းသည်ရဲ့ နောက်ကျောကို ဓါးနဲ့ထိုးလိုက်တယ်လို့ တရားရုံးကပို့လိုက်တဲ့ဖိုင်တွဲထဲမှာ ရေးထားပေမယ်လို့ သူပြောသ လိုတော့ မပြ့ည့်စုံဘူး။ ကျွန်မ တုန်လှုပ်စပြုလာတယ်။ ဒီအတိုင်းလောက်ဆို ကျွန်မ ရုံးခန်းရှေ့မှာ စောင့်နေမယ့် ရဲအစောင့်ကို ၀င်လာခဲ့ဖို့ ခေါ်သင့်ပြီ မဟုတ်လား။ “ဆရာမ သိလား။ တကယ်တမ်း ကျွန်မဖြစ်ခဲ့တဲ့ လူသတ်မှုက ကျွန်မ အသက်ကိုးနှစ်မှာ ဖြစ်ခဲ့တာ။” အသက်ကိုးနှစ် ? ? ? ကျွန်မ လည်ချောင်းတွေ ခြောက်ကပ်လာတယ်။ “အဲဒီတုန်းက အဲဒီကောင်လေးက ကျွန်မရဲ့ ကစားဖော်ပဲ။ သူ့ရဲ့အဖေဟာ ကျွန်မတို့မိသားစုရဲ့ ဘဏ္ဍာစိုးတစ်ယောက်ပဲ။ တစ်နေ့မှာ ကျွန်မမွေးထားတဲ့ ခွေးက ကျွန်မတို့နဲ့ကစားရင်းနဲ့ သူ့သားခြေထောက်ကို သွားနဲ့ခြစ်မိလိုက်တယ်။ ဒါကို ကောင်လေးရဲ့အဖေက သူ့သားခွေးကိုက်ခံရပါပြီဆိုပြီး အဲဒီခွေးကို သတ်ပေးဖို့ ကျွန်မအမေကို တရစပ်တောင်းဆိုလာတော့တယ်။ ကျွန်မတို့က ငြင်းလေ၊ အဲဒီလူက တောင်းဆိုလေ။ အသက်တစ်ချောင်းနဲ့ ဘ၀ရလာတဲ့ အရာတစ်ခု ကို သူဘာကြောင့် အဲဒီအသက်ကို ရပ်တန့်ပစ်ဖို့ တောင်းဆိုနေရတာလဲဆိုတာကို ကျွန်မ မတွေးတတ်တော့ဘူး။ အဲဒီလူဟာ ခွေးနဲ့ ပတ်သက်ပြီး စိတ်ဖောက်ပြားလာတယ်။ ကျွန်မတို့ကို စကားမပြောတော့ဘူး။ ကျွန်မနဲ့ သူ့သားကို ပေးမကစားတော့ဘူး။ နောက်ဆုံး အရက်တွေ မူးလာပြီး ကျွန်မတို့ ခွေးကိုမသတ်ပေးဘူးဆိုရင် ကျွန်မတို့အိမ်ကိုမီးနဲ့ ရှို့မယ်လို့ပါ ခြိမ်းခြောက်မှုတွေ လုပ်လာတယ်။ ကျွန်မ သိပ်ကိုစိတ်ဆိုးခဲ့တယ်။ အသက်တစ်ချောင်းနဲ့ အသက်ရှူနေရတဲ့ ကျွန်မတို့ခွေးလေးဟာ မကြာခင်အချိန်မှာပဲ အသတ်ခံလိုက်ရ တယ်။ ကျွန်မ ရက်ပေါင်းများစွာ အိပ်ယာထဲလဲခဲ့တယ်။ ဘာအပြစ်မှမရှိတဲ့ ကျွန်မရဲ့ သတ္တ၀ါလေးဟာ သေဆုံးသွားရပြီ။ ကျွန်မ သူ့ကိုကောင်းကောင်းမွန်မွန်တောင် မြေမြှုပ်မပေးခဲ့နိုင်ဘူး။ ကျွန်မ အမေ့ကိုမေးခဲ့တယ်။ ဘာကြောင့်လဲလို့ပေါ့။ အမေက ဖြေ တယ်။ “ ဒီလိုရှိတယ်သမီး။ အမေတို့မိသားစုမှာ ယောကျာ်းသားရယ်လို့ မရှိဘူး။ ဒါကြောင့် အမေတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို အမေတို့ မိန်းမသားအင်အားလေးနဲ့ ဘယ်လိုမှ မကာကွယ်နိုင်ဘူး။ အမေတို့ကို ခြံစောင့်တစ်ယောက်လို အိမ်စောင့်တစ်ယောက်လို စောင့်ရှောက် ပေးနေတဲ့ ဒီလူကြီးမှမရှိရင် အမေတို့ မွဲသွားမှာပေါ့။ ပတ်ဝန်းကျင်ရဲ့ အန္တရာယ်နဲ့ အနှောင့်အယှက်တွေ အချိန်မရွေးဝင်လာမှာပေါ့။ ဒါ ကြောင့် ဒါတွေအားလုံးကို ထောက်ပြီး သမီးရဲ့ခွေးလေးအသက်နဲ့ လဲလိုက်ရတာပဲ” လို့ ခပ်တိုတို ရှင်းပြတယ်။ အမေ့ရဲ့ သူရဲဘောကြောင်မှုကို ကျွန်မ မုန်းတီးလာခဲ့တယ်။ သူစိမ်းယောက်ျားတစ်ယောက် မရှိရင် မဖြစ်တော့ဘူးလို့ ယူဆထားတဲ့ သူ့ ရဲ့ခပ်ညံ့ညံ့ အယူအဆကို ကျွန်မတွန်းလှန်ပစ်ဖို့ ကြိုးစားတယ်။ သူကလက်မခံခဲ့ဘူး။ အမေနဲ့ ကျွန်မ သဘောထားတွေ ကွဲလွဲပြီး နောက်တစ်ရက်မှာ အမေဟာ ခြံထဲမှာ လမ်းလျှောက်နေခဲ့တယ်။ ဒါကို ကျွန်မ အပေါ်ဆုံးထပ် ၀ရန်တာကနေ လှမ်းမြင်နေရတယ်။ အမေ့ ရဲ့ သနားစရာကောင်းလှတဲ့ ပျော့ညံ့လှတဲ့အယူအဆ အဟောင်းအမြင်းကြီးတွေနဲ့ ကျွန်မတို့ သားသမီးတွေအပေါ်မှာ ဘယ်လို ရှေရည် ထိန်းသိမ်း စောင့်ရှောက်နိုင်ပါ့မလဲ။ ကျွန်မ အမေ့ကို ငုံ့ကြည့်ရင်း သနားစိတ်ဝင်လာတယ်။ အမေ့ကို ဒီလိုပျော့ညံ့ညံ့ အသက်မရှင်စေချင်ဘူး။ ဒါနဲ့ ကျွန်မ ဘေးမှာထားထား တဲ့ ပန်းအိုးအကြီးတစ်လုံးကို အမေ့ခေါင်းပေါ်ရွယ်ပြီး ကန်ချလိုက်တယ်။ ပန်းအိုးကြီး အမေ့ခေါင်းပေါ်ပြုတ်ကျသွားတဲ့အသံပဲကြားလိုက်ရ ပြီး အမေဟာ ငြိမ်သက်သွားခဲ့တယ်။ ကျွန်မ အမေ့ကို ကယ်တင်ခဲ့တာ။ အမေဟာ ပျော့ညံ့တဲ့ဘ၀တစ်ခုကို အဆုံးသတ်လိုက်ပြီ။ အမေ မပျော့ညံ့တော့ဘူး။ ကျွန်မ ၀မ်းသာတဲ့စိတိနဲ့ အောက်ထပ်ကို ဆင်းလာခဲ့တယ်။” ဒီလိုအရူးမျိုးလည်း ရှိသေးတာပဲလား။ ဒါဆိုရင် သူ့ရဲ့ယောကျာ်းကို သတ်ခဲ့တာတွေ ၊ သူ့ယောကျာ်းရဲ့ ရင်ဖွင့်ဖော်ကို သတ်ခဲ့တာတွေ ဟာ လူမပီသတဲ့လူတွေကို သတ်ခဲ့တာကြောင့် ဒါဟာ လူသတ်မှုတွေ မဟုတ်ဘူးလို့ သူယူဆနေတာလား။ သူ့ရဲ့လူသတ်မှုဆိုတာ ဘယ်တုန်းက သတ်ခဲ့တဲ့ လူသတ်မှုကို ရည်ရွယ်ပြီးပြောနေတာလဲ။ မတော်တဆ အနီးဆုံးမှာ ရှိနေတဲ့ ကျွန်မကို ထပြီးလည်ပင်းညှစ် လိုက်ရင်ဆိုတဲ့ အတွေး ကျွန်မမှာ ၀င်လာတယ်။ ရုတ်ချည်း ကျွန်မ သူ့ကိုကြောက်ရွံ့လာတယ်။ ကျွန်မ ထိုင်နေရာက ထရတော့မယ်။ ကျွန်မ ဒီအရူးနဲ့ဝေးရာကို ထွက်ပြေးရမယ်။ ဒီအရူးကိုဖမ်းခိုင်းပြီး တစ်သက်လုံး ပြတင်းပေါက်မရှိ တဲ့ အခန်းထဲမှာ ထိုင်ခိုင်းထားရမယ်။ ဒါမှ ကျွန်မတို့ လူမှုအဖွဲ့အစည်းအတွက် အန္တရာယ်ကင်းနိုင်မယ်။ ကျွန်မထိုင်ရာက ထဖို့ရည်ရွယ်လိုက်တဲ့အတွေးကို သူသိသွားပုံရပြီး ကျွန်မနားကို ဖျတ်ခနဲ သွက်လက်မှုနဲ့ သူရောက်လာတယ်။ ကျွန်မ တစ်ကိုယ်လုံး သူ့ကိုကြောက်စိတ်ကြောင့် တုန်ရီနေပြီ။ သူက ကျွန်မပခုံးတွေကို ဆွဲဖိရင်း ကျွန်မနဲ့ မျက်လုံးချင်းဆုံဖြစ်အောင် ဆုံအောင် လိုက်ကြည့်တယ်။ မတတ်သာတဲ့အဆုံး တုန်ရင်ကြောက်လန့်နေတဲ့ စိတ်ကြီးနဲ့ ကျွန်မသူ့ကို ပြန်ကြည့်ဖြစ်တယ်။ “ဆရာမရော လူတကယ်ဟုတ်ရဲ့လား။” အဲဒီအမေးကို သူတစ်လုံးချင်းစီ ခွဲပြီး ကျွန်မကို မေးတယ်။ ကျွန်မ ထိုင်နေရာက ရုန်းဖယ်ထသင့်ပြီ။ ကျွန်မ တကယ်လူဟုတ်မဟုတ် ကျွန်မ မသေချာဘူး။ ကျွန်မရဲ့ မျက်လုံးထဲမှာရှိနေတဲ့ တစ်စုံတစ်ခုကို သူရှာတွေ့ခဲ့ရင် သူကျွန်မကို သတ်ပစ်လိုက်နိုင်တယ်မဟုတ်လား။ ကျွန်မ မျက်လုံးကို စုံမှိတ်ပစ်လိုက်ရင်း အခန်းရှေ့မှာရှိနေမယ့် အစောင့်ကို အော်ခေါ်ပစ်လိုက်တယ်။ ရုန်းရင်းဆန်ခတ်အသံအချို့ကြားရပြီးနောက်မှာ ကျွန်မရဲ့ ဧည့်သည်ဟာ ပြတင်းပေါက်မရှိတဲ့ အခန်းတစ်ခန်းထဲကို ရောက်သွားတယ်။ ကျွန်မ အဲဒီဧည့်သည်အခန်းရှေ့က ဘယ်တော့မှ ဖြတ်မလျှောက်ဘူး။ သူက သူ့အခန်းရှေ့မှာရှိနေတဲ့ သံတိုင်တွေကာရံထားတဲ့ အပေါက်ကနေ ကျွန်မကို ရှာရှာနေတတ်တယ်။ တွေ့တိုင်းလည်း ကျွန်မကို “ဟိုင်းဆရာမ။ ဒီနေ့ နေကောင်းရဲ့လား။” လို့ အမြဲနှုတ်ဆက်တတ်တယ်။ 
 C.Painnaung 3/6/2014 (1:50PM) (Thursday) Ygn.
နိုင်ငံကျော် မင်းသမီးတစ်ဦးနှင့် အိပ်စက်ခြင်း
သူ တစ်ရေးနိုးလာတော့ အိပ်ယာဟာ တအားပူနေပြီ။ နာရီက ညနေလေးနာရီ နှစ်ဆယ့်ရှစ်ကို ပြနေပြီ။ အပြင်မှာ နေက မကျသေးဘူး။ ဒီနိုင်ငံမှာ နွေရာသီဟာ သေမတတ်ပူတယ်။ ပူလွန်းအားကြီးလွန်းလို့ တစ်ကောင်ခွဲအားရှိတဲ့ အဲကွန်းဟာ သူတို့နှစ်ယောက်အိပ်နေတဲ့ အခန်းသေးသေးလေးကိုပဲ မအေး မအေးနိုင်ဘူး။
            အိပ်ယာရဲ့ ဘေးအစွန်းမှာ တင်လွှဲထိုင်ရင်း ညကချွတ်ထားခဲ့တဲ့ စတိုင်ပဲန်နဲ့ အတွင်းခံကို ပြန်ဝတ်လိုက်တယ်။ ၀တ်ရင်းနဲ့ ဘေးနားမှာ အိပ်မောကျနေဆဲဖြစ်တဲ့ သူ့ရဲ့ အဖော်ကိုသူကြည့်လိုက်တယ်။ တကယ်တမ်း သေချာကြည့်မယ် ဆိုရင် သူ့ရဲ့ ညအိပ်ဖော်ဟာ တီဗွီထဲမှာပဲ ကြည့်ကောင်းတဲ့ ရွက်ကြမ်းရေကျို မိတ်ကပ်ဖုံးအမျိုးသမီးတစ်ယောက်သာ ဖြစ်တယ်။ ဒါပေမယ့် လိင်ဆက်ဆံမှုမှာ တကယ်တမ်းက ရုပ်ရည်ဟာ အဓိကမကျဘူးလို့ သူထင်တာပဲ။ သေချာကြည့်လိုက်တော့ သူမက အိပ်မောအကျလွန်နေရာက ပါးစပ်က သားရေတွေပါထွက်ကျနေတာကို တွေ့ရတယ်။ သူ .. မျက်နှာကို တစ်ချက်မဲ့လိုက်ပြီး ရေချိုးခန်းထဲကို ၀င်လိုက်တယ်။ ရေချိုးခန်းထဲကို ၀င်လိုက်တယ်ဆိုတာက ရေချိုးချင် အိမ်သာတက်ချင်လို့ရယ်လို့တော့ မဟုတ်ဘူး။ သူ့ရဲ့ ညအိပ်ဖော် ပါးစပ်က ထွက်ကျနေတဲ့သားရေတွေကို ရွံရှာလာတဲ့ အတွက်ကြောင့်ပဲ။
            ရေချိုးခန်းထဲမှာ ဘာလုပ်ရမယ်မှန်းမသိတာကြောင့် အိမ်သာအိုးပေါ်မှာ ဘောင်းဘီမချွတ်ဘဲ သူ.. နာရီဝက် လောက်ထိုင်နေဖြစ်လိုက်တယ်။ ဒါမှမဟုတ် နာရီဝက်လောက် ထိုင်နေဖြစ်လိုက်တယ်လို့ စိတ်ကူးပစ်လိုက်တယ်။ အိမ်သာ အိုးပေါ်မှာ ဘာမှမလုပ်ဘဲ နာရီဝက်လောက်ထိုင်နေလိုက်တာက သားရေတွေထွက်ကျအောင် ပိုးစိုးပက်စက် အိပ်ပျော်နေတဲ့ လူတစ်ယောက်နားမှာ နေရတာထက်စာရင် အများကြီးပိုကောင်းမယ်လို့ သူထင်တာပဲ။
            ခဏနေတော့ အိမ်သာအိုးပေါ်မှာ  ထိုင်ရတာကို သူ… ငြီးငွေ့လာပြန်တယ်။ ရေချိုးခန်းအပြင်ဘက်မှာ ရှိတဲ့ သောက်ရေအေးအေးကို သူသောက်ချင်လာတယ်။ ဒါပေမယ့် အပြင်ပြန်ထွက်ရင် သားရေနံ့တွေထွက်နေတဲ့ သူမနဲ့ ထပ် တွေ့ရမှာစိုးတာကြောင့် ရေချိုးခန်းဘေဇင်မှာရှိတဲ့ ရေကို သောက်ဖို့ သူကြိုးစားလိုက်တယ်။
            သူကြိုးစားလိုက်ပေမယ်လို့ မအောင်မြင်လိုက်ဘူး။ ရေက ကလိုရင်းနံ့တအားထွက်နေတယ်။ ဘုံဘိုင်က ရေကို သောက်ဖို့ သူလက်လျှော့လိုက်ပြီး အိပ်ခန်းထဲကို ပြန်လာခဲ့တယ်။
            အိပ်ခန်းထဲမှာ သူမက နိုးနေပြီ။ ၀တ်စုံပြည့် နီးပါးတောင်ပြန်ဝတ်ပြီးနေပြီ။
            “ရေမချိုးတော့ဘူးလား။”
            သူက မေးတော့ သူမခေါင်းခါပြတယ်။ သူ(စိတ်ထဲကနေ) ထပ်ပြီးတော့ မျက်နှာကိုမဲ့ရွဲ့ပစ်လိုက်တယ်။
            “ဒီည ရှုတင်အမီပြန်သွားရမယ်။ ရေချိုးနေရင် မမီတော့ဘူး။ မိတ်ကပ်လည်း ပြင်ရဦးမယ်။”
            လို့ သူမပြန်ပြောရင်း သူသောက်မယ်လို့ ကြံရွယ်ထားတဲ့ ရေဗူးကို ယူသောက်လိုက်တယ်။ “ဒီရေဗူးကို သူပြန် သွားရင် ငါလွှင့်ပစ်လိုက်တော့မယ်။” လို့ သူတွေးလိုက်တယ်။
            “ရေချိုးခန်းထဲ ၀င်သွားတာကြာလိုက်တာ။ ကျွန်မတောင် လိုက်လာဦးမလို့ပဲ။”
            သူ ဘာမှမပြောလိုက်ဘူး။ ပြောစရာတွေရှိပေမယ်လို့ ဘာပြောရမယ်မှန်းမသိတာကြောင့် သူဘာမှမပြောလိုက် ဘူး။ ဒါပေမယ်လို့ ပြောကို ပြောရမယ်။ ဟုတ်တယ်။ သူမ မသွားခင်မှာ သူ့စိတ်ထဲ တော်တော်ကြာကြာ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ဒီကိစ်စကို ပြောကိုပြောရမယ်။
            “ဒီနေ့ ရှင့်ကြည့်ရတာတစ်မျိုးပဲ။ ညက ကျေနပ်မှုမရဘူးလား။”
            သူမဟာ လိင်မှုရေးရာ ကျွမ်းကျင်ပိုင်နိုင်တဲ့ မင်းသမီးတစ်ယောက်ပဲ။ သူမဟာ အပြင်မှာလည်း အခကြေးငွေယူပြီး လိင်မှုရေးရာ ဖြည့်ဆည်းပေးနေတဲ့လူတစ်ယောက်ဖြစ်တယ်။ သူကတော့ ခြွင်းချက်ပေါ့။ သူ့ကိုတော့ သူမက တံခါးမရှိ ဓါး မရှိ အချိန်မရွေး ၀င်ထွက်သွားလာခွင့်ပေးထားတယ်။ ၀င်ထွက်သွားလာခွင့်ပေးထားတယ်လို့ ဆိုပေမယ်လို့ များသောအား ဖြင့်တော့ သူရှိရာကိုပဲ သူမက အလာများပါတယ်။ ဒီလို အကျွမ်းတ၀င်ရှိနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အတူနေရတာ သူ့ဘက်က ဘာများ မကျေနပ်စရာအကြောင်းရှိမှာလဲ။ သူခေါင်းခါပြလိုက်တယ်။
            “ဒါဆို ဘာဖြစ်နေတာလဲ။”
            သူမက စိတ်မရှည်သလို မေးတယ်။ အနားမှာရှိနေတဲ့ စီးကရက်တစ်ဝက်ကို မီးညှိလိုက်ရင်း သူ … သူမကို ကြည့် လိုက်တယ်။ သူမက သူ့အကြည့်ကို ပြန်တုံ့ပြန်ရင်း တီဗွီထဲမှာ သူပြုံးပြလေ့ရှိတဲ့၊ အပြင်က သူ့ရဲ့လိင်အလုပ်ရှင်တွေကို ပြုံးပြလေ့ရှိတဲ့ အပြုံးမျိုးကို သူ့ကိုပြုံးပြတယ်။ သူမကိုကြည့်ရတာ ဒီအပြုံးတစ်မျိုးတည်းပဲ ပြုံးတတ်ပုံပဲ။ အပြုံးနဲ့တူတူ သူ့ အနားကိုပါ ရောက်လာတယ်။ သူ.. ကိုယ်ကို မသိမသာကျုံ့လိုက်ရင်း သူမကိုမေးလိုက်တယ်။
            “ဒီညနေ ရှူတင် မသွားလို့ မရဘူးလား။ ကိုယ်ပြောစရာလေးရှိလို့။”
            သာမန်အချိန်တွေဆိုရင်တော့ သူဒီလိုပြောလိုက်ရင် ခေါင်းခါမှာပဲ။ ဒါပေမယ်လို့ ဒီညမှာ သူမဘက်က သူ့င်္ဆီက တစ်စုံတစ်ရာကို ထပ်မံမျှော်လင့်နေသေးပုံရတာကြောင့် “ကောင်းပြီလေ” လို့ ပြန်ပြောရင်း သူ့ရဲ့ မန်နေဂျာကို သူဒီည မလာနိုင်တော့ကြောင်း ဖုန်းဆက်ပြောလိုက်တယ်။ ငါးမိနစ်လောက် အခြေအတင် ပြောကြပြီးနောက်မှာ သူဖုန်းချလိုက်တယ်။ ဖုန်းချလိုက်ပြီး “ဘာပြောမှာလဲ။” လို့ သူ့ကို မေးတယ်။
            သူ ချောင်းတစ်ချက် ဟန့်လိုက်တယ်။
            “ကိုယ်တို့ ပတ်သက်နေတာ နှစ်လကျော်ပြီနော်။”
            ပြောလိုက်ပြီးမှ သူ့ကိုယ်သူ “ငါတော်တော်ညံ့တာပဲ” လို့တွေးလိုက်မိတယ်။ တကယ်ဆို ဒီထက်ပိုပေါက်ရောက် မယ့်စကားမျိုးကို ရွေးပြောသင့်တာပေါ့။ ဥပမာ .. “ ငါတို့ ပတ်သက်မှုရပ်လိုက်ရအောင်။” ဆိုတာမျိုးပေါ့။ ဒါမှ သူမဘက်က “ဘာဖြစ်လို့လဲ။ ” ဘာညာ မေးလာမှာပေါ့။ ခုတော့ သူမက ပါးစပ်ကြီးပိတ်ပြီး သူဆက်ပြောမှာကို စောင့်နေတယ်။ (စောင့်နေပုံရတယ်။)
            “ဒီလိုလေ။ ခုပတ်သက်နေတာကို ကိုယ်ပြန်ပြီးတွေးကြည့်လိုက်မိတယ်။ တကယ်ဆို မင်းနဲ့ကိုယ် မတွေ့သင့်ဘူးလို့ ကိုယ်ထင်တယ်။ မင်းနဲ့မှ မဟုတ်ပါဘူး။ ကိုယ်ဘယ်အမျိုးသမီးနဲ့မှ မတွေ့သင့်ဘူးလို့ ထင်တယ်။ ထင်နေမိတယ်။ ဒီလိုပြောလို့ ကိုယ့်ကို ဂေးလို့ မထင်နဲ့နော်။ ကိုယ်ဂေးမဟုတ်တာ မင်းသိပါတယ်။ ဒီတော့ .. ”
            သူ့ရဲ့ စကားလုံးတွေဟာ တောင်စဉ်ရေမရဘူး။ ဒီလို သူလျှောက်ပြောနေတာတွေကို သူမက စီးကရက်တစ်လိပ်ကို လက်ကြားမှာညှပ်ရင်း ခပ်ပြုံးပြုံးအနေအထားနဲ့ နားထောင်တယ်။ သူမကိုကြည့်ရတာ သူမဘ၀မှာ ဒီလို စကားလုံးတွေက ကြားဖူးနေကျ စကားလုံးတွေဖြစ်မယ်ထင်တယ်။ သူမကို ကြည့်လိုက်ရင်း သူဘာဆက်ပြောရမလဲ မသိတော့တာကြောင့် တိတ်တိတ်လေး ပြန်နေလိုက်တယ်။
            ဒီတော့ သူမက ပြောလာတယ်။
            “ကျွန်မနဲ့ အဆက်အသွယ်ဖြတ်ချင်ပြီပေါ့။ ဒီလိုပေါ့။”
            သူ .. “ ဟုတ်တယ်။” လို့ ခပ်တိုးတိုးလေး(သာမန်ထက် တိုးတဲ့အသံနဲ့) ပြန်ဖြေလိုက်တယ်။ သူမကိုတော့ မကြည့်ပါဘူး။ သူမကတော့ ကြည့်နေမယ်ဆိုတာ သူသိနေတယ်။
            “ဘာကြောင့်လဲမေးရင် ရှင်ဖြေမှာလား။”
            ဖြေမယ်လို့  သူဆုံးဖြတ်လိုက်တယ်။
            “ဘာကြောင့်လဲဆိုတော့ မင်းက လက်ရှိအရမ်းနံမည်ကြီးနေတဲ့ ရုပ်ရှင်မင်းသမီးလေ။”
            “ဒီတော့ ဘာဖြစ်လဲ။”
            “ပြီးတော့ မင်းက လက်ရှိ အိမ်ထောင်ကြီးနဲ့လေ။”
            “ဒီတော့ရော ဘာဖြစ်လဲ။”
            သူမ ပြန်မေးတာတွေကြောင့် သူဘာပြန်ဖြေရမယ်မှန်းမသိတော့ဘူး။ သူမက ဆက်ပြောတယ်။
            “ ကျွန်မက လက်ရှိနံမည်ကျော် မင်းသမီးဖြစ်နေတော့ ဘာဖြစ်သလဲ။ ရှင့်အတွက် ဘာထိခိုက်သွားလို့လဲ။ လက်ရှိ ကျွန်မက အိမ်ထောင်ရှိနေတော့ရော ဘာဖြစ်လဲ။ ရှင့်အတွက် ဘာထိခိုက်သွားလို့လဲ။”
            “ကိုယ် မင်းရဲ့ အမြှောင် လင်ငယ်ဘ၀နဲ့ မနေနိုင်တော့ဘူး။”
            “ဒါဆို ကျွန်မကို လက်ထပ်မယ်လား။”
            “ဟင့်အင်။ ”
            “ကျွန်မထက် ပိုပြီးကျေနပ်စရာကောင်းတဲ့လူတွေ့ထားတယ်လား။”
            “ကိုယ်ခုနက ပြောပြီးပြီလေ။ တခြားဘယ်မိန်းမနဲ့မှလည်း တွေ့ဖို့မရှိတော့ပါဘူးလို့။”
            “ချက်ချင်းကြီး ဂေးသွားတာလား။”
            “ကိုယ်ခုနက အဲဒါကိုလည်း ပြောပြီးပြီလေ။”
            “ဒါဆို .. ” လို့ သူမစကားစ ပြီး ဆက်မပြောတော့ဘဲ ခေါင်းညိတ်တယ်။
            သူ .. သူမကို ကြည့်ပြီးဆက်ပြောလိုက်တယ်။
            “ကိုယ့်မှာ မင်းနဲ့တွေ့ခါစက ချစ်သူရှိတယ်။ မင်းသိတယ်နော်။”
            သူမ ခေါင်းညိတ်တယ်။
            “အဲဒီချစ်သူနဲ့ ပြန်တွဲချင်လို့လား။”
            “ကိုယ်ပြောတာ ဆုံးအောင်နားထောင်ပါ။”
            သူက သူစကားပြောနေတုန်း ဖြတ်ပြောတာ မကြိုက်ဘူး။ သူကိုယ်တိုင်ကတော့ ဖြတ်ဖြတ်ပြောတတ်တဲ့ အကျင့် ရှိတယ်။ ဒါပေမယ်လို့ သူစကားပြောနေတုန်း သူများဖြတ်ပြောရင် မကြိုက်ဘူး။ သူပြောတာကို ဆုံးအောင်နားထောင်ပြီးမှ ပြောချင်ရာကို ပြောဖို့ သူမကို သတိပေးရတာလည်း ဒီအခေါက်နဲ့ဆို အခေါက်လေးရာကျော်ပြီထင်တာပဲ။ လှတဲ့ မိန်းမတွေ (လှအောင် ပြင်ဆင်နေတတ်တဲ့ မိန်းမတွေ) အတော်များများ ဒီလိုပဲ ဒုံးဝေးကြသလားလို့တောင် သူတွေးမိတဲ့ အထိပဲ။
            “မင်းမှာလည်း အိမ်ထောင်ရှိတယ်။ ဒါနဲ့လည်း ကိုယ်တို့အတူနေခဲ့ကြတယ်နော်။”
            သူမ ခေါင်းလည်း မညိတ်၊ ခေါင်းလည်း မခါဘူး။ သူ့ကိုပဲစိုက်ကြည့်နေတယ်။
            သူ့ရင်ထဲမှာ ဖြစ်နေတဲ့လိပ်ခဲတည်းလည်း ကိစ်စကို သူအခုပြောလိုက်တယ်။
            “မင်းက စိတ်ကျေနပ်ဖို့ကောင်းတဲ့ မိန်းမတစ်ယောက်ပါ။ ပြီးတော့ နိုင်ငံကျော် ရုပ်ရှင်မင်းသမီးတစ်ယောက်။ မင်းနဲ့ တွဲသွားတွဲလာလုပ်ရတာ အင်မတန် သာယာဖို့ကောင်းပါတယ်။ လူတိုင်းက ကိုယ့်ကို အားကျတဲ့အကြည့်တွေနဲ့ ၀ိုင်းကြည့်ကြတာကိုလည်း ကိုယ်သာယာပါတယ်။ ကိုယ်တွဲခဲ့ဖူးတဲ့ ချစ်သူက မင်းလို ဘာမှမပြည့်စုံတာလည်း အမှန်ပဲ။ ”
            သူမ ပြုံးတယ်။ ကိုယ့်ကိုကိုယ် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးတဲ့အပြုံးမျိုး။ မိန်းမတွေပဲ ပြုံးတတ်လေ့ရှိတဲ့ အပြုံးမျိုး။ အင်း . ဒီလိုပြောရတာ နည်းနည်းတော့ ကသိကအောက်နိုင်(သလိုရှိ)တယ်။ ဘာလို့လဲဆိုတော့ မိန်းမပြုံးတဲ့အပြုံးဆိုမှတော့ မိန်းမတွေပဲ ပြုံးတတ်မှာပေါ့။ ယောကျာ်းတွေပြုံးတဲ့အပြုံးမျိုးလည်း ယောက်ျားတွေပဲ ပြုံးတတ်မှာပဲ။ ဒါမဆန်းဘူး။ ခုနက သူ ပြောလိုက်တဲ့ စကားဟာ သူ့စိတ်ထဲက တကယ်ပါလို့ ပြောလိုက်တာ တစ်ဝက်ကျော်ကျော်ပဲပါတယ်။ ကျန်တာက ညာတာပေါ့။ ဥပမာပြောရမယ်ဆိုရင် “ကိုယ့်ချစ်သူက မင်းလို မပြည့်စုံဘူး။” ဆိုတာပေါ့။ ဒါ.. မှားတယ်။ မှားပြောလိုက် တယ်ဆိုတာကိုလည်း သူ့ကိုယ်သူသိနေတယ်။ သူတွဲခဲ့ဖူးတဲ့ချစ်သူက သာမန်ပြည်သူတွေထဲက မိန်းကလေးတစ်ယောက် ပဲဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ်လို့ သူမလောက် ဒုံးမဝေးဘူး။ သူမလောက်လည်း မလှဘူး။ အဲ … သူမလောက်လည်း အချစ်ရေးရာမှာ မကျွမ်းကျင်ဘူး။
            သူမကို ဒုံးဝေးတယ်လို့သွားပြောလိုက်ရင် သူနောက်ထပ် ထပ်ပြောမယ့် စကားတွေကို နားမထောင်တော့ဘဲ သူမ ထ ထွက်သွားမှာကို စိုးတာကြောင့် အရင်ဆုံးမြှောက်ပင့်ပြောလိုက်တယ်။ (နောက်မှ ရိုက်ချမယ်ဆိုတဲ့ သဘောနဲ့ပေါ့။ သူအရင်တွဲဖူးတဲ့ မိန်းကလေးဆိုရင်တော့ သူအခုလို စကားလမ်းကြောင်းနေပြီဆိုရင် ဘာဆက်ပြောတော့မယ်ဆိုတာကို ရိပ်မိမှာပဲ။ ဒါပေမယ်လို့ သူမကတော့ ခုနကပြောပြီးတဲ့အတိုင်း ဒုံးဝေးတဲ့အတွက် သူဘာဆက်ပြောမယ်ဆိုတာကို ရိပ်မိပုံ မရဘူး။ ရိပ်မိချင်လည်း ရိပ်မိမှာပေါ့လေ။ မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။)
            “မင်းနဲ့ တူတူအိပ်ရတဲ့အခေါက်တိုင်းလည်း ကိုယ်အမြဲတမ်းပျော်ရွှင်သာယာခဲ့ရပါတယ်။ ဒါပေမယ်လို့ ကိုယ်တို့ တွေမှားနေတယ်လို့ အမြဲခံစားနေရတယ်။ မင်းနဲ့ စတွေ့ကတည်းကပဲ။”
            “ဒါဆို ဘာလို့ ကျွန်မနဲ့ ဆက်အိပ်ခဲ့သေးလဲ။”
            “မင်းကို ကိုယ်သဘောကျလို့ပေါ့။ ဒါပေမယ်လို့ သဘောကျတယ်ဆိုတာလေးတစ်ခုတည်းနဲ့တော့ မင်းနဲ့ကိုယ် ဆက်တွဲနေဖို့ မသင့်ဘူးလေ။ မင်းအားမနာပေမယ်လို့ မင်းအိမ်ထောင်ကို ကိုယ်အားနာလာပြီ။ ပြီးတော့ မင်းကိုသဘော ကျတယ်ဆိုတာက မကြာခင်မှာ မင်းလည်း အသက်တွေကြီးလာတော့မှာပဲလေ။ အသက်ကြီးလာပြီဆိုရင် ခုလောက်တော့ စိတ်ကျေနပ်ဖို့ မကောင်းတော့မှာ အမှန်ပဲ။ အမှန်ပြောရရင် မင်းကို ကိုယ်သဘောကျတာ မင်းရဲ့ အသက်အရွယ်အရ မင်းရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုတွေကို သဘောကျတာ။ ဒီထက် မင်းအရွယ်ရင့်သွားရင် မင်းဒီလိုတွေ မစွမ်းဆောင်နိုင်တော့ရင် မင်းကို ကိုယ်သဘောကျတော့မှာ မဟုတ်ဘူး။ မင်းနဲ့ မတွေ့ခင်တုန်းက ကိုယ်က လူ့ကျင့်ဝတ်တွေ စည်းမျဉ်း စည်းကမ်း ဆိုတာတွေကို လုံးဝတသဝေမတိမ်းလိုက်နာခဲ့တဲ့လူပါ။ မင်းနဲ့တွေ့မှ ကိုယ် ဘယ်လိုဖောက်ပြန်သွားတယ်ဆိုတာကို ကိုယ့် ကိုကိုယ်တောင် မယုံနိုင်လောက်အောင်ပဲ။ ဒါပေမယ်လို့ မင်းနဲ့ အိပ်ပြီးတိုင်း ကိုယ်အတွေးဝင်တယ်။ ခဏတာလောက် သာယာဖို့အတွက်နဲ့ ကိုယ်တို့တွေ လူ့အဖွဲ့အစည်းကြီးကို ဖောက်ပြန်နေမိကြပြီလို့။ ကိုယ်တွေးမိတိုင်း အပြစ်ရှိသလို ခံစားရတယ်။ ပြီးတော့ မင်းအိမ်ထောင်အပေါ်မှာ အားနာတယ်။ ”
            စကားတွေ အများကြီးပြောပြီးတော့ သူ .. မောသွားတယ်။အနားမှာ ရှိနေတဲ့ ရေဗူးကို ကောက်မော့လိုက်တယ်။ ရေတွေ ပါးစပ်ထဲရောက်ပြီးသွားကာမှ သတိရလိုက်တယ်။ ဒီရေဗူးကို သူမခုနက ပါးစပ်မဆေးဘဲ သောက်ထားတယ်။ သူ .. သူမ ပြန်သွားရင် လွှင့်ပစ်လိုက်တော့မယ်လို့ ကြံရွယ်ထားတဲ့ ရေဗူး။ ခု သူ မေ့ပြီးသောက်လိုက်မိပြီ။ ရွံတာလား မသတီ တာလား မသိတဲ့ ခံစားချက်တစ်ခုက သူ့ဗိုက်ထဲကနေ မောက်တက်လာတယ်။ သူမရှေ့မှာဆိုတော့လည်း ရေကို ပြန်ထွေး ထုတ်လိုက်ဖို့က အားနာနေတယ်။ သူ .. ရေကို ပါးစပ်ထဲ ငုံထားပြီး ရေချိုးခန်းထဲ ၀င်လိုက်တယ်။ ဘေဇင်ထဲကို သူငုံထား တဲ့ရေတွေ ထွေးထုတ်ပစ်လိုက်တယ်။ ပြီးတော့ ပြန်ထွက်လာလိုက်တယ်။
            သူမကတော့ ခုနကနေရာမှာ ခုနကပုံစံအတိုင်းပဲ။ သူ့ကိုတစ်ခုခုပြောဖို့ စောင့်နေတာဖြစ်မယ် (လို့ သူထင်တဲ့ အတွက် သူမနားကို သွားလိုက်တယ်။)။
            “ကျွန်မ အိမ်ထောင်ကို ရှင်အားနာတယ် ။ ဟုတ်လား။”
            သူ ခေါင်းညိတ်လိုက်တယ်။ သူမက ခေါင်းခါတယ်။
            “ဒါဆို ကျွန်မနဲ့ ပတ်သက်တဲ့လူမှန်သမျှ ကျွန်မအိမ်ထောင်ကို အားနာနေရတော့မှာပဲ။”
            သူမက ရယ်သွမ်းသွေးသလို ပြောတယ်။ သူဒေါသထွက်သွားတယ်။ သူက သူ့ကို တခြားလူတွေနဲ့ နှိုင်းနှိုင်းပြီး မြင်တာမျိုး မကြိုက်ဘူး။ (တကယ်တော့ သူဟာလည်း တခြားလူတွေနဲ့ ဘာမှမထူးခြားတဲ့ လူတစ်ယောက်ပါပဲ။) သူ ပြောလိုက်တယ်။
            “တခြားလူတွေနဲ့ ကိုယ့်ကို မနှိုင်းနဲ့လေ။ ကိုယ်က ကိုယ်ပဲ။”
            သူမရယ်တယ်။
            “ကျွန်မမှာ အသက်မွေးဝမ်းကြောင်းအလုပ်နှစ်ခုရှိတယ်။ တစ်ခုက ဗွီဒီယိုကင်မရာတွေ အရှေ့မှာ သရုပ်ဆောင်တာ။ နောက်တစ်ခုက ကျွန်မဘက်က ကုန်ပစ္စည်းပေးပြီး သူတို့က ငွေကြေးပေးတာ။ ဒီနှစ်ခုလုံးက ကျွန်မ အတွက် အသက်မွေးဝမ်းကြောင်းဖြစ်နေတဲ့အတွက် နှစ်ခုလုံးကို ကျွန်မရှောင်လို့မရဘူး။ အသက်မွေးဝမ်းကြောင်းဆိုတဲ့ စကားကို ရှင်နားလည်ရဲ့လား။ နားမလည်လည်း နားလည်ချင်ယောင် ဆောင်လိုက်ပါ။ ဘာလို့လဲဆိုတော့ ကျွန်မ မရှင်း ပြတတ်လို့ပဲ။ ကျွန်မ အသက်ရှင်နေထိုင်နိုင်အောင်အတွက် ကျွန်မရထားတဲ့ အိမ်ထောင်က  ဘာမှ အသုံးမ၀င်ဘူး။ ဒီတော့ ကျွန်မ ၀မ်းစာ ကျွန်မရှာတယ်။ ဒီအလုပ်ကို လုပ်နေတဲ့အချိန်မှာ င့ါကို ဘယ်သူတွေ ဘယ်လိုမြင်နေမလဲဆိုတဲ့ အတွေးမျိုးကို ကျွန်မ မတွေးဘူး။ ဘယ်သူတွေ ဘယ်လိုမြင်မြင် ဒါကျွန်မရဲ့ အလုပ်ပဲလို့ ကျွန်မခံယူထားတဲ့အတွက် ဒီအလုပ်ကို စိတ်ရှင်းရှင်းနဲ့ ကျွန်မလုပ်နိုင်တယ်။ ကျွန်မအိမ်ထောင်အတွက် ရှင်အားနာနေတာဆိုရင်တော့ ဒီအတွက်နဲ့ ပူ စရာဘာမှ မလိုဘူးလို့ ကျွန်မပြောပါရစေ။”
            “ဒါပေမယ်လို့ မင်းအခုပြောနေတဲ့လူတွေက မင်းကို အခကြေးငွေပေးနေတဲ့လူတွေလေ။ ကိုယ်က မင်းကို အခ ကြေးငွေပေးနေတဲ့လူမှ မဟုတ်ဘဲ။ ပြောရမယ်ဆိုရင် သူများမယား ကြာခိုနေရုံသက်သက်လူပဲ။ ပိုက်ဆံလည်း ပေးတာ မဟုတ်ဘူး။ တစ်ခါတစ်လေများဆိုရင် မင်းကတောင် ညစာဝယ်ကျွေးရသေးတယ်မဟုတ်လား။ ကိုယ်ဟာ သူများ ဆောက် ပြီးသား အိမ်ထဲပဲ ၀င်ဝင်နေတတ်တဲ့ … အဲ .. အဲ .. ”
            “၀င်ကစွပ် ။”
            “အင်း အင်း .. ၀င်ကစွပ်လို အကောင်မျိုးပဲ။ ”
            သူမ ရယ်တယ်။
            “ရှင့်ကိုယ်ရှင် ဒီလောက်ထိ အထင်သေးနေလိမ့်မယ်လို့ ကျွန်မ မထင်ထားဖူးဘူး။”
            သူမစကားက သူ့ကို ကသိကအောက် ဖြစ်သွားစေတယ်။ သူစကားပြောလိုက်တယ်။
            သူ စကားပြောဖို့ ပါးစပ်ကိုဟလိုက်ပေမယ်လို့ သူမက လက်ကာပြတဲ့အတွက် သူ စကားပြောဖို့ပါးစပ်ကို ပြန်ပိတ်လိုက်တယ်။
            “ကျွန်မအတွက်တော့ ဘာမှမထူးခြားဘူး။ ဒီမှာ .. စဉ်းစားကြည့်စမ်းပါ။ ကျွန်မက နှစ်ဆယ့်လေးနာရီ အပြည့်လုံးလုံး အသက်မွေးဝမ်းကြောင်းအလုပ်တွေအတွက်ပဲ ရုန်းကန်နေရတော့မှာလား။ ကျွန်မအတွက် ပျော်ရွှင်ဖို့ အချိန်ဆိုတာလေး မရှိသင့်တော့ဘူးလား။”
            “ကိုယ်နဲ့နေရတာ မင်းပျော်လို့လား။ ကိုယ်က မင်းတွေ့ဖူးတဲ့ ယောကျာ်းတွေလို မင်းကို ပျော်ရွှင်မှု အပြည့်အ၀ ပေးနိုင်တဲ့လူမျိုး မို့လို့လား။ ပြီးတော့ မင်းပျော်ချင်ရင် မင်းကိုယ်ပိုင် အိမ်ထောင်ကြီးရှိတာပဲ။ သူနဲ့ ပျော်လို့လည်း မင်းကို သူက ပိုက်ဆံပေးမှာမဟုတ်ဘူး။ ကိုယ့်လိုပဲပေါ့။ ဘာထူးခြားလို့လဲ။ ”
            “သူနဲ့လည်း ကျွန်မ တခါတလေပျော်ပါတယ်။”
            သူ .. ဘာဆက်ပြောရမလဲကို မသိတော့ဘူး။ ဒီမိန်းမ အတော်တော့ ပြောရဆိုရခက်တယ်။ တကယ်တမ်းတွေး ကြည့်ရင် သူဆိုတာက ပညာတွေ တသီကြီးတတ်တဲ့လူလည်း မဟုတ်ဘူး။ ရုပ်ချော သဘောမနောကောင်း အလုပ်ကြိုးစား တဲ့လူမျိုးလည်း မဟုတ်ဘူး။ တစ်နှစ်ဝင်ငွေဘယ်လောက်ဆိုတာမျိုး အတိအကျရှိတဲ့ကောင်မျိုးလည်း မဟုတ်ဘူး။
            “ရှင် ကျွန်မကို လက်ထပ်မလား။”
            “ဟင့်အင် ။ ” လို့ သူမြန်မြန်ဆန်ဆန်ပဲ ဖြေလိုက်တယ်။ သူမ ပြုံးတယ်။
            “ဟုတ်တယ်လေ။ ရှင်နဲ့ ကျွန်မကြားမှာ လက်ထပ်တယ်ဆိုတာ လိုမှ မလိုဘဲ။ ခုလည်း တူတူနေနေရတာပဲ။ လက်ထပ်လိုက်ရင်လည်း တူတူနေရမှာပဲ။ ဘာထူးသွားလို့လဲ။”
            “ဘာပဲပြောပြော မင်းကို ကိုယ်ပတ်သက်နေရတာ လူ့အဖွဲ့အစည်းကြီးထဲမှာ စည်းပျက်နေသလိုဖြစ်နေတယ်လို့ ခံစားနေရတယ်။ ဒီလို ခံစားနေရတဲ့အတွက် ကိုယ့်မှာအချိန်တိုင်းလို အပြစ်ဖြစ်နေတယ်။ ကိုယ် ဒီလိုမခံစားချင်တော့ဘူး။ ကိုယ်တို့ ထပ်မအိပ်ရအောင်။”
            “ရှင်ပြောတဲ့ လူ့အဖွဲ့အစည်းကြီးဆိုတာ ဘယ်ဟာကိုပြောတာလဲ။ လူ့အဖွဲ့အစည်းကြီးထဲမှာ နေမယ်ဆိုရင် ဒီ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာပါ .. လို့ ဘယ်သူက စ ပြောခဲ့တာလဲ။ ရှင်ပြောတဲ့ လူ့အဖွဲ့အစည်းကြီးထဲက လူ ဘယ်နှယောက်လောက်က ရှင်ပြောသလို အဲဒီစည်းကမ်းတွေကို လိုက်နာနေတယ်လို့ ရှင်ထင်လို့လဲ။”
            ပြောရင်း ပြောရင်း သူမ ဒေါသထွက်လာသလိုပဲ။ အသံကျယ်လာသလို စကားပြောလည်း မြန်လာတယ်။ သူမ မေးခွန်းတွေကို သူ့ကိုယ်သူ ပြန်မေးလိုက်မိတယ်။ သူ .. မဖြေတတ်ဘူး။ ဘာတွေ မေးမှန်းလည်း မသိဘူး။ တကယ်ဆို လူဆိုတာက လူ့ကျင့်ဝတ်နဲ့တော့ အညီနေထိုင်ရမယ် (သင့်တယ်) မဟုတ်လား။
            “ဘာပဲဖြစ်ဖြစ် မင်းနဲ့ နေရတာ ကိုယ်ကျောမလုံဘူး။”
            “ကျွန်မကတော့ လုံတယ်။”
            သူမကိုကြည့်လိုက်တော့ သူမက သူ့ကို မျက်လုံးပြင်းပြင်းတွေနဲ့ ပြန်ကြည့်နေတာကို တွေ့ရတယ်။ သူ ဘာမှ ဆက်မပြောဘဲ သူမကို ပြန်ကြည့်နေလိုက်တယ်။ သူမက ဆက်ပြောတယ်။
            “ရှင့်ကို ဒီလောက်ထိ သူရဲဘောကြောင်လိမ့်မယ်လို့ ကျွန်မထင်မထားဘူး။ ကျွန်မကတောင် ဘာမှမဖြစ်ပါဘူးလို့ ဒီလောက်ပြောနေတာ။ ရှင်က ဘာဖြစ်နေတာလဲ။ ကျွန်မနဲ့ နေရတာ ရှင်ဘာများ နာကျင်ထိခိုက်သွားရလို့လဲ။
            ကျွန်မ ရှင့်ကို ဘာလုပ်ပေးပါ၊ ညာလုပ်ပေးပါလည်း ပူဆာနေတာမဟုတ်ဘူး။ ကျွန်မ မောပန်းလာတဲ့အချိန်တွေမှာ ရှင်နဲ့ အိပ်ချင်တယ်။ ဒါမှမဟုတ် ညလုံးပေါက် ရှင်နဲ့ စကားပြောနေမယ်။ ပြောချင် ပြောနေမယ်ပေါ့ ကျွန်မ ဆိုလိုတာက..။ ဒါမှမဟုတ် ရှင်နဲ့ ရုပ်ရှင်ထွက်ကြည့်မယ်။ လျှောက်လည်ကြမယ်။ ညလုံးပေါက် ကားလျှောက်မောင်းမယ်။”
            “မင်းအိမ်ထောင်နဲ့ ဒါတွေလုပ်လို့ရသားပဲ။”
            “သူ မအားဘူး။”
            သူ ပြောပြောပြီးပြီးချင်း သူမက ဆက်ပြောလိုက်တာဖြစ်တဲ့အတွက် ရုတ်တရက် သူမ ဘာပြောလိုက်တယ်ဆိုတာ ကိုတောင် သူ မသိလိုက်ဘူး။ နောက်နည်းနည်းနေမှ (သူ မအားဘူး) လို့ ပြောလိုက်တာပဲလို့ နားလည်လိုက်တယ်။ မအားရအောင် ဘာလုပ်နေလို့လဲလို့တော့ သူ မမေးလိုက်ပါဘူး။ သူ့အိမ်ထောင်က သူ့အလုပ်နဲ့သူ သိပ်ရှုပ်တယ်ဆိုတာ သူသိထားတယ်။
            “ဒီမယ် .. ကျွန်မတို့က လူမှုရေးဖောက်ပြန်နေတယ်လို့ ရှင်မတွေးဘဲ တစ်ဆိတ်လောက် ကျွန်မတွေးသလို တွေး ကြည့်စမ်းပါ။ ဒါဆို ရှင် ကျွန်မရင်ထဲမှာ ဘာတွေဖြစ်နေတယ် ဘယ်လိုခံစားနေရတယ်ဆိုတာကို ရှင်သိသွားလိမ့်မယ်။ ဘာလဲ … ကျွန်မတို့က လူတွေဖြစ်နေတဲ့အတွက် လူတွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကြီးထဲမှာ လူတွေသတ်မှတ်ထား တဲ့ စည်းကမ်းတွေကို မလိုက်နာဘဲ နေလို့မရဘူးလို့ ရှင်ဆိုလိုချင်တာလား။ မလိုက်နာဘဲ ကိုယ်နေချင်သလိုရော ကိုယ့် ဟာကိုယ် နေလို့မရဘူးလား။ မလိုက်နာတော့ရော ဘယ်သူက ကျွန်မတို့ကို အသက်ဆက်ရှင်စေဖို့ နည်းလမ်းတွေ လာပေးကြသလဲ။ လိုက်နာတော့ရော ဘယ်သူက ကျွန်မတို့ကို အသက်ဆက်ရှင်စေဖို့ နည်းလမ်းတွေ လာပေးကြသလဲ။”
            “မင်း ဘုရားသခင်ဟောခဲ့တဲ့ အကြောင်းအရာတွေကို မရင်းနှီးဘူးထင်တယ်။”
            “နိုး .. ။ လူသေတွေရဲ့ စကားကို ကျွန်မ လက်မခံဘူး။ သူတို့စကားတွေဟာ သူတို့ခေတ်မှာ မှန်ချင်မှန်ခဲ့လိမ့် မယ်။ ခုခေတ်မှာ လူတိုင်းအတွက် သူတို့စကားတွေဟာ မမှန်နိုင်တော့ဘုး။ ဆိုလိုချင်တာက ဒိတ်အောက်နေပြီ။”
            ဒီမိန်းမ အတော်တော့ပြောရခက်တယ်။ ပြောရခက်ပေမယ်လို့ သူမပြောတော့ဘူး။ အခုဆွေးနွေးနေတဲ့ ခေါင်းစဉ် ကလည်း ဘုရားသခင် ယုံကြည်ရေး မယုံကြည်ရေး မဲခွဲနေတာ မဟုတ်ဘူး။ သူ ပြောလိုက်တယ်။
            “မင်းနဲ့ ကိုယ်နဲ့ကတော့ အတွေးအခေါ်မှာ အတော် ကပြောင်းတိကပြောင်းပြန်ဖြစ်နေတာပဲ။ ကိုယ်တို့ ဆက်ညှိ လို့လည်း ရမှာမဟုတ်ဘူး။ ကိုယ့်ဘက်ကတော့ ရှင်းတယ်။ မင်း စီးပွားရေးအရ ကုန်ပစ္စည်းနဲ့ ငွေကြေးလဲလှယ်တာကို မပြောဘူး။ ဒါပေမယ်လို့ မင်းအိမ်ထောင်အပေါ်မှာ အပြစ်ရှိသလို ခံစားရတဲ့အတွက် မင်းနဲ့ မပတ်သက်နိုင်တော့ဘူး။”
            သူမက တစ်ခုခုကို သဘောကျသလို ပြုံးတယ်။ ပြီးတော့ ရယ်တယ်။
            “ကျွန်မကတော့ ပတ်သက်မှာ။ ရှင် နောက်တစ်ယောက်နဲ့ ပတ်သက်ချင်သေးလား။ ရတယ် ပြသနာမရှိဘူး။ ကျွန်မ ရှင့်ဆီကတောင်းဆိုတာက ကျွန်မနဲ့ ညအတူ အိပ်ပေးဖို့။ ဒီလောက်ပဲ။ ကျန်တာ ဘာမှမလိုဘူး။”
            “ကိုယ့်ဘက်က ကျန်တာတွေအားလုံးပေးနိုင်တယ်လို့ အာမမခံနိုင်ဘူး။ ကိုယ့်အခြေအနေလည်း မင်းသိတဲ့အတိုင်းပဲ။ ဒါပေမယ်လို့ သေချာတာတစ်ခုကတော့ မင်းတောင်းဆိုတဲ့ (ဒီလောက်ပဲ) ဆိုတဲ့ အချက်ကို ကိုယ် မလိုက်လျောနိုင်ဘူး။ နိုင်တော့ဘူးပေါ့ ကိုယ်ပြောချင်တာက..။ ”
            “ကျွန်မ ဘာလုပ်ပေးရင် လိုက်လျောနိုင်မလဲ။”
            အတော်မှ အတော်ကို ခက်တဲ့ အမျိုးသမီးနဲ့ ထိပ်တိုက်ကြီး သူလာတွေ့နေတာပဲ။ သူ .. မျက်နှာကြက်ကို မော့ကြည့်ပြီး လေပြင်းတစ်ချက် မှုတ်ထုတ်လိုက်တယ်။ မျက်နှာကြက်မှာ တိမ်ပုံလေးတွေဆွဲထားပြီး တိမ်မရှိတဲ့ တခြားနေရာတွေကိုတော့ ကြက်သွေးရောင်ရယ် မိုးပြာရောင်ရယ် ခြယ်ထားတယ်။ ကြယ်ကလေးတွေလည်းပါတယ်။ သူတို့ အိပ်ယာနဲ့ တည့်တည့်ကြီးမှာ မှန်အကြီးကြီးတစ်ချပ် ကပ်ထားပေးတယ်။ သူတို့ အတူအိပ်ကြတဲ့အချိန်တုန်းက ဒီမှန်ကြီးကို သူသတိမထားမိဘူး။ ခု မော့လိုက်မှ ပထမဆုံး မြင်မိတာပဲ။ မဆိုးဘူးလို့ သူတွေးလိုက်တယ်။ တစ်ချက်လောက်တော့ သူမျက်နှာကြက် အပြင်အဆင်ကို ငေးနေမိသေးတယ်။ ဒါပေမယ်လို့ ငါစကားပြောရဦးမှာပဲလို့ တွေးလိုက်မိတဲ့အတွက် သူ ခေါင်းပြန်ငုံ့ပြီး သူမကိုကြည့်လိုက်တယ်။
            “ကိုယ်တို့လက်ထပ်ကြမလား။ ခုလက်ရှိ မင်းအိမ်ထောင်ကို ကွာလိုက်။ ဒါဆို အလုပ်ဖြစ်ပြီ။”
            သူမ ခေါင်းခါတယ်။
            “ကျွန်မ လိုချင်တာ ပျော်ဖို့သက်သက်ပဲ။ ပျော်ဖို့ သက်သက်တစ်ခုတည်းနဲ့တော့ ဘာကိစ္စနဲ့ ကျွန်မ အိမ်ထောင် ကိုကွာရမှာတဲ့လဲ။ ကျွန်မ အိမ်ထောင်က ကျွန်မကို ချစ်တယ်။ ရှင် ကျွန်မကို ဒီလိုချစ်နိုင်မှာ မို့လို့လား။”
            သေချာတာပေါ့။ သူ ဘယ်ချစ်နိုင်မလဲ။ သူမကို သူပတ်သက်ခဲ့တာကလည်း ချစ်လို့မှ မဟုတ်ဘဲ။ တကယ်တမ်း မှာလည်း သူမကို သူတစ်သက်လုံးပေါင်းဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ခုတောင် မပေါင်းချင်တော့ဘူး။
            ဒါပေမယ်လို့ တော်တော်ခွကျတဲ့ မိန်းမပဲ။ ဒီလိုဆိုတော့လည်း ဟင့်အင်၊ ဟိုလိုဆိုတော့လည်း ဟင့်အင်။ သူ ဘာဆက်လုပ်ရမှာလဲ။ သူတို့ ဆွေးနွေးပွဲဟာ ဒီလိုပဲ လယ်တယ်လယ်တယ် ဖြစ်နေတယ်။
            အချိန်အတော်ကြာတဲ့အထိ သူမနဲ့ သူ စကားမပြောဖြစ်ဘူး။ နှစ်ယောက်လုံး ကုတင်မွေ့ရာပေါ်မှာ ထောင့်မှန် အနေအထားနဲ့ ထိုင်နေမိကြတယ်။ သူ စကားပြောဖို့ သူမဘက်လှည့်လိုက်တော့ သူမ သူ့ဘက်လှည့်လာတာနဲ့ ကြုံတယ်။
            “မင်း အရင်ပြောပါ။” လို့ သူက ပြောလိုက်တော့ သူမက ပြောတယ်။
            “တစ်ခါတစ်လေမှာ ကိုယ်လုပ်ချင်တာကို လုပ်နိုင်ဖို့ စည်းကမ်းတွေ ကျင့်ဝတ်တွေဆိုတာကို ခဏလောက် မေ့ထားသင့် မေ့ထားရတယ်ဆိုတာမျိုး ရှင်တကယ်မသိဘူးလားဟင်။”
            သူမ အသံက နူးညံ့နေတယ်။ ခုနက ဂယက်ရိုက်နေလို့ ကျယ်လောင်နေခဲ့တဲ့ သူ့အသံက သူမရဲ့ နူးညံ့တဲ့အသံ ကြောင့် ခပ်တိုးတိုးပြန်ဖြစ်သွားတယ်။ သူသက်ပြင်းချလိုက်တယ်။
            “ကိုယ် တွေးဖူးပါတယ်။ ဒါပေမယ်လို့ ကိုယ်တို့က လူတွေဖြစ်နေတဲ့အတွက်ကြောင့်… ”
            “ဘာလို့ ဒါကိုပဲ ခဏခဏ ထပ်ထပ်ပြောချင်နေရတာလဲ။ ”
            သူမ ဒေါသနဲ့ ကုတင်ပေါ်ကနေ ၀ုန်းကနဲ ခုန်ထလိုက်တယ်။ ရုတ်တရက် ခုန်ထလိုက်တာကြောင့် သူမပေါင်ပေါ် မှာ တင်ထားတဲ့ ပိုက်ဆံအိတ် ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်။ (သူမကတော့ သူမရဲ့ ဒေါသကိုပဲ သတိပြုနေတဲ့အတွက် ပိုက်ဆံအိတ်ကျသွားတဲ့အပေါ်မှာသတိပြုမိဟန် မရှိပါဘူး။)
            ဒေါသထွက်နေတဲ့ သူမဟာ ကုတင်ပေါ်ထိုင်နေတဲ့ သူ့ကို ငုံ့ကြည့်နေတယ်။ သူ ဘာမှမပြောလိုက်ဘူး။ သူမကိုပဲ ပြန်ကြည့်နေလိုက်တယ်။ သူမ သက်ပြင်းချတယ်။ ဒေါသတွေနဲ့ပေါ့။
            “ဒီအကြောင်းကိုပဲ ခဏခဏ ဆွေးနွေးနေရတာ ပင်ပန်းပြီလို့ ရှင်မထင်ဘူးလား။ ကျွန်မလိုချင်တာကို ရှင့်ကို ပြောပြီးပြီ။ ရှင်လည်း ရှင်လိုချင်တာကို ကျွန်မကို ပြောပြီးပြီ။ ပြီးတော့လည်း ကျွန်မတို့ ထပ်တွေ့နေကြတာပဲ။ ဒီအပတ်ထဲမှာတင် ဒီအကြောင်းကို ရှင်နဲ့ ကျွန်မ ဆွေးနွေးကြတာ ခြောက်ခေါက်ရှိနေပြီ။ ရှင် ဘာလို့ ဒီအကြောင်းကိုပဲ ခဏခဏ ထပ်ထပ်ပြောချင်နေရတာလဲ။ ရှင် ရူးနေတာလား။ ကျွန်မ မောလှပြီ။”
            သူ မရူးဘူးလို့ စိတ်ထဲက ပြောလိုက်တယ်။ ဘာလို့ ရူးရမှာလဲ။ ဒီအပတ်ထဲမှာ သူမနဲ့ ဘာအကြောင်းမှကို မဆွေးနွေးရသေးဘူး။ သူမနဲ့ ဒီအပတ်ထဲ တွေ့တာလည်း ဒါပထမဆုံးပဲ။ ရူးချင်းရူး သူမရူးနေတာလို့ သူသတ်မှတ်လိုက် တယ်။ ဘာဆက်ပြောရမယ်ဆိုတာကိုလည်း သူမသိတော့ဘူး။ တွေးလည်း မတွေးတော့ဘူး။ မတွေးလည်း မတွေးချင်တော့ဘူး။ အခန်းဟာ နေကျသွားပေမယ်လို့ အပူဒဏ်ကျန်ခဲ့တာကြောင့် မတရားပူလောင်နေတယ်။ သူ့ရှေ့မှာ ရပ်နေတဲ့ သူမကြောင့် ပိုပြီးပူနေတယ်(လို့ ခံစားရတယ်။)။ သူ .. သူမကို တစ်ချက်ကြည့်ပြီး ခေါင်းငုံ့လိုက်တယ်။
            မတ်တပ်အနေအထားနဲ့ သူမ ခဏရပ်နေပြီး ခဏနေတော့ သူ့နားမှာ ဖွဖွရရ လာထိုင်တယ်။ သူ့ရဲ့ ဆံပင်တွေ ကို တယုတယပွတ်သပ်တယ်။ သူ့ရဲ့ နှုတ်ခမ်းနဲ့ လည်ကုပ်ကိုရောပဲ။ ပြီးတော့ သူ့နား အနားကို ကပ်ပြီး သူမတိုးတိုးလေး ပြောတယ်။
            “ရှင် ဒီနေ့ ဆေးသောက်ပြီးပြီလားဟင်။”
            သူ ဆေးသောက်ဖို့ မလိုတော့ဘူးဆိုတဲ့အကြောင်း သူမကို မပြောလိုက်ဘူး။ နောက်တစ်ခါဆို ဒီလို အယူအဆ မတူတဲ့ မိန်းမမျိုးတွေနဲ့ ထပ်ပြီး မပတ်သက်တော့ဖို့ သူဆုံးဖြတ်လိုက်တယ်။ သူ့ဟာသူ မင်းသမီးမကလို့ ဘာပဲဖြစ်ဖြစ်။
            သူ ငြိမ်နေတာကို သူမ ခဏလောက်ကြည့်ပြီး ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ သူမရဲ့ အိတ်ကို ပြန်ကောက်ယူလိုက် တယ်။ (ကြည့်ရတာ ပြန်တော့မယ့်ပုံပဲ။) ပြီးတော့ သူ့နားမှာ လာပြန်ထိုင်တယ်။
            “ရှင် ဒီညနားဖို့ လိုအပ်နေတဲ့ပုံပဲ။ နားလိုက်တော့နော်။ မနက်ဖြန် ည ဒီမှာပဲ ထပ်တွေ့ကြသေးတာပေါ့။”
            သူ ဘာမှမပြောလိုက်ဘူး။ တစ်ကိုယ်လုံးဟာ လေးလံတောင့်တင်းနေသလို ခံစားရတယ်။ သူ အိပ်ချင်နေပြီ။ သူမ သူ့ နားထင်ကို နမ်းပြီး အသာထထွက်သွားတာကို သိလိုက်တယ်။ ပြီးတော့ သူမ အိပ်ခန်းတံခါးကို ချက်ခနဲမြည်အောင် ပြန်ပိတ်ပေးသွားတာကိုလည်း သိလိုက်တယ်။
            မနက်ဖြန်ညဆိုတာကို သူ ရင်မခုန်ဘူး။ ရင်မခုန်တော့ဘူး။ သူ့စိတ်ထဲမှာ အိပ်ချင်လာတယ်။ ချက်ချင်းဆိုသလိုပဲ သူကုတင်ပေါ်မှာ ပြန်ပြီး အိပ်ပျော်သွားတယ်။                                                   
Friday, September 19, 2014 (8:29PM)