ကျွန်မ မော်ဒန်အမေရိကန် ကဗျာဆရာ ဂျွန်ဗယ်ရီမန်းနဲ့ ကြိုက်ဖူးတယ်။
သူက သူ့ကိုယ်သူ သတ်သေ သွားတယ်။ သူ့အဖေလိုပဲ။ ကျွန်မ အဖေလိုပဲ။ သူ့လိုပဲ။ တစ်ခုမတူတာက
သူ့အဖေက ကျွန်မအဖေလို သတ် သေသွားတာမျိုးမဟုတ်ဘူး။
“ ဘယ်သူလာတာမှ ကျွန်တော်မတွေ့ရ။ ဒါကြောင့် အဲဒီအစား
ကျွန်တော်ပဲ သွားလိုက်တယ်။”
အဲဒီကဗျာက
The Dream Songs စာအုပ်ထဲက စာသားပေါ့။ ကျွန်မစိတ်ထင် ၁၉၆၉ မှာထွက်တဲ့ စာ အုပ်ထင်တယ်။
သူမသေခင် သုံးနှစ်ကထုတ်ခဲ့တဲ့ စာအုပ်ပဲ။ ကျွန်မ အဲဒီကဗျာကို ခဏခဏရွတ်တယ်။ ခုလည်း ရွတ်နေလိုက်တယ်။
ဆုတောင်းစာပဲဖြစ်ဖြစ်၊ အယုတ္တ အနတ္တစာပဲဖြစ်ဖြစ် ကိုယ့်အတွက် လုံခြုံမှုရှိတယ်လို့ခံစား
နိုင်ရင် ဘယ်စာပဲဖြစ်ဖြစ် ရွတ်သင့်တာပဲ။
“မင်းရဲ့
နောက်ဆုံးအချိန်လို့သတ်မှတ်လိုက်တဲ့အချိန်ကျရင် မင်းဘယ်လိုလုပ်မလဲ။”
ကျွန်မ
မတွေးမိသေးဘူး။ ကျွန်မ မတွေးမိသေးဘူး ဆိုတဲ့အကြောင်းကို သူ့ကိုပြောပြလိုက်တယ်။
“ကျွန်မ
မတွေးမိသေးဘူး။”
“တွေးသင့်ပြီဆိုတာကိုတော့
သိပါတယ်။”
ဟုတ်ပါတယ်
ဟုတ်ပါတယ်လို့ သူစိတ်မရှည်သလိုပြောတယ်။ သူစိတ်မရှည်တော့ ကျွန်မလည်း စိတ် မရှည်ဘူး။
“
ပြောချင်တာက မင်းကို သူများစီရင်တာခံမလား။ ကိုယ့်ဟာကိုယ် စီရင်မလား။ အဲဒါကို ပြောတာ။”
“ဒါဆို
ရှင်က ဘာကိုစောင့်ခဲ့တာလဲ။”
သူ
ရေချိုးလာပုံရတယ်။ မွှေးနေတာပဲ။ သူဟာ လွတ်လပ်သူပဲ။ သူ့ရဲ့လွတ်လပ်မှုကို ကျွန်မကြိုက်တယ်
။ ကျွန်မ သူ့ဆီက မပြန်ချင်(သေး)ဘူး။ ကျွန်မ လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ထုတ်ပြီး သူ့ကိုကမ်းပေးလိုက်
တယ်။ ကျွန်မ ဒိုင်ယာရီရေးဖို့ ရည်ရွယ်ထားတဲ့ စာအုပ်တစ်အုပ်ပေါ့။ ဘာမှတော့ မရေးရသေးဘူး။
စာရွက်တွေကို
တစ်ရွက်ပြီးတစ်ရွက်လှန်လှောကြည့်ပြီး “သိပ်ကောင်းတဲ့စာအုပ်ပဲ။” လို့ သူပြောတယ်။ ကျွန်မ
ရီကော်ဒါထုတ်လိုက်တယ်။ ကျွန်မ ရီကော်ဒါ ထုတ်လိုက်တာမြင်တော့ သူ ခြံထဲသွားဦးမယ်ဆိုပြီးထသွား
တယ်။
သူ့ပန်းခြံက
လှလည်းမလှဘူး။ သူ့ကြည့်ရတာ ပန်းခြံထဲမှာအေးအေးဆေးဆေး လမ်းလျှောက်နေတာ နဲ့ မတူဘူး။ နောက်က
ရဲလိုက်လို့ပြေးနေသလိုပဲ။ ရဲလိုက်လို့ ပြေးတယ်ဆိုလို့ ကျွန်မ ခပ်ငယ်ငယ်က နိုင်ငံရပ်
ခြားတစ်ခုမှာ သင်တန်းတစ်ခုသွားတက်ဖူးတယ်။ တစ်ည ကျွန်မ သင်တန်းကနေ စက်ဘီးနင်းပြီး အဆောင်ပြန်
လာတော့ နောက်က ရဲကားကလိုက်လာတယ်။ ရဲလိုက်လာရင် ပြေးရမှာက ကျွန်မတို့နိုင်ငံ ကျွန်မတို့
လူမျိုးရဲ့ အရိုးစွဲလာတဲ့ ရောဂါတစ်ခုပဲ။ ရဲကိုမြင်တော့ ရုတ်တရက် အကြောက်တရားက ခေါင်းထဲဝင်လာတယ်။
ကိုယ့်နိုင် ငံမှာ ကိုယ်နေနေရသလို ခံစားချက်နဲ့ ကျွန်မ စက်ဘီးနင်းပြီးပြေးတော့တယ်။
ကျွန်မပြေးတော့မှ ရဲကားက တ ၀ီးဝီးအော်ပြီး နောက်ကနေ ပြေးလိုက်လာတယ်။ သူပြေးလိုက်လေလေ
ကျွန်မက ပြေးလေလေနဲ့ နောက်ဆုံး တော့ ကျွန်မမိသွားတယ်။ (အမိခံလိုက်ရတယ်။)
“ကျွန်မကို
ဘာလုပ်မလို့လဲ။” လို့ အထိတ်တလန့်နဲ့ နောက်ကလိုက်လာတဲ့ရဲကိုမေးလိုက်တော့ သူ က ပြုံးပြပြီး
ကျွန်မကို “ဘာလို့ထွက်ပြေးတာလဲ။” လို့ ငြင်ငြင်သာသာမေးလာတယ်။ ကျွန်မ အံ့သြသွားတယ်။
ကိုယ့်နိုင်ငံမှာ ပြန်နေနေရတာမဟုတ်ဘူးလို့ ကျွန်မ ပြန်ခံစားလို့ရလာတယ်။ ကိုယ့်နိုင်ငံထက်
ပိုပြီးလုံခြုံတဲ့ ခံ စားချက်ကို ကျွန်မရုတ်ခြည်းရလိုက်တယ်။
ကျွန်မ
ဒီကိုသင်တန်းတစ်ခုတက်ဖို့ ရောက်နေတာဖြစ်တဲ့အကြောင်းနဲ့ ကျွန်မဟာ နိုင်ငံခြားသားတစ်
ယောက်ပါလို့ သူတို့ကို ပြောပြလိုက်တော့ ဒါဆို ပတ်စပို့ပြပါ လို့ဆိုလာတယ်။ ကျွန်မ သူတို့ကို
ကျွန်မရဲ့ပတ် စပို့ထည့်ထားတဲ့ ပိုက်ဆံအိတ်ကို ပေးလိုက်တယ်။ ပိုက်ဆံအိတ်ကို ပေးလိုက်တယ်ဆိုတာက
ကျွန်မတို့နိုင်ငံမှာ ရဲလိုက်လာပြီဆိုရင် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပိုက်ဆံပေးရတယ်။
ကျွန်မလက်ထဲမှာ သူတို့နိုင်ငံ ခြားငွေ ၃၀၀ ပဲရှိတယ်။ ဒါကို သူတို့ကို မြင်စေချင်လို့
ပြလိုက်တာပဲ။ ပိုက်ဆံမပေးနိုင်လို့ စခန်းခေါ်သွားမယ် ဆိုရင်လည်း လိုက်ရုံပဲလို့ ကျွန်မတွေးလိုက်တယ်။
ကျွန်မ
ထင်သလို သူတို့မလုပ်ဘူး။ ကျွန်မရဲ့ ပတ်စပို့ကိုသူတို့ကြည့်ပြီးနောက် ပိုက်ဆံအိတ်နဲ့တကွ
ပြန်ပေးတယ်။ “ဘာလို့ ခုနကထွက်ပြေးတာလဲ။” လို့ ထပ်မေးတယ်။ ကျွန်မက ကျွန်မတို့ နိုင်ငံရဲ့အခြေအနေ
ကိုသူတို့သိအောင် ပြောပြလိုက်တယ်။ ကျွန်မ ပြောပြတာကို အဆုံးထိ သူတို့နားထောင်ပြီးတော့မှ
ကျွန်မကို သူ တို့ပြန်ပြောတယ်။
“ကျွန်တော်တို့ဆီမှာက
ဒီလိုမလုပ်ကြပါဘူး။ နောက်ဆို မပြေးနဲ့နော်။ ကျေးဇူးတင်ပါတယ်။” တဲ့။ ပြော ပြီးထွက်သွားကြလေရဲ့
။
“ဒီပန်းမဆိုးဘူး။”
လို့ သူ ကျွန်မကိုပြောတယ်။ ကျွန်မကြည့်လိုက်တော့ ဂန္ဒမာပန်းပင်တစ်ပင်။
“ကိုယ်မနေ့က
ဘုရားပန်းတင်လိုက်သေးတယ် ။ ဒီပန်းနဲ့။”
ပန်းက
အညိုရောင်သမ်းနေတော့ မလှဘူးလို့ပြောနိုင်ပေမယ်လို့ အညိုရောင်ကြိုက်တဲ့လူတွေကတော့ ဒီပန်းကို
လှတယ်လို့ ပြောကြမှာအမှန်ပဲ။ ကျွန်မ သူ့ကိုမေးလိုက်တယ်။
“ရှင်
အညိုရောင်ကြိုက်တယ်ပေါ့။”
“အင်း
အရောင်တွေထဲတော့ အပြာက အလှဆုံးပေါ့လေ။” လို့ သူတိတိကျကျပြန်ဖြေတယ်။
နေရိပ်ထဲကို
ရောက်တော့ သူတော်တော်မောနေပုံရတယ်။ သူ့အရပ်က ကျွန်မနဲ့ မတိမ်းမယိမ်းရှိတယ် ။ သူ တစ်ခုခုကို
တိုးတိုးရွတ်နေတယ်။ ရွတ်နေတယ်လို့ ကျွန်မထင်တယ်။ ကျွန်မ သူ့နားကပ်ပြီးနားထောင် လိုက်တော့
သူကျွန်မကို စကားပြောနေတာ ဖြစ်နေတယ်။
“မင်း
ကဗျာကြိုက်လား။”
“အင်း
ဒီလိုပါပဲ။”
“ရေးကောရေးဖူးလား။”
“အမ်း။
ဒါလဲ ဒီလိုပါပဲ။”
“ဒါဆို
ဝတ္ထုရော။”
“အတိုလောက်တော့
ရေးဖူးပါတယ်။” လို့ ကျွန်မ တိုတိုဖြေလိုက်တယ်။
“ကိုယ့်တစ်ချက်ပြကြည့်ပါလား။”
ကျွန်မ
လက်ဝါးမှာရေးထားတဲ့ ၀တ္ထုတိုကို သူ့ကိုပြလိုက်တော့ သူက ကျွန်မလက်ဝါးကို နေရောင်မှာ ထောင်ကြည့်လိုက်တယ်။
ကျွန်မ
သူ့ကိုပြလိုက်ရင်းနဲ့ ဒီဝတ္ထုက ကျွန်မငယ်ငယ်က ပထမဆုံးရေးဖူးတဲ့ ၀တ္ထုတိုဖြစ်ကြောင်းနဲ့
ဘာသာပြန်တစ်ခုထဲက မှီငြမ်းထားတယ်ဆိုတာကိုပါ သူ့ကိုပြောပြလိုက်တယ်။ သူ ကျွန်မရေးထားတဲ့
ဝတ္ထုတို ကို အသံထွက်ပြီးဖတ်တယ်။ ဖတ်လိုက် ကျွန်မကိုကြည့်လိုက်နဲ့ပေါ့။
“အဝေးက
လက်ဆောင် .. တဲ့။”
သူ့ဟာသူ
ပြောသလိုလိုနဲ့ ကျွန်မကို ပြောတယ်။ ကျွန်မကို မပြောသလိုဖြစ်နေတာကြောင့် ကျွန်မ ကြားသလိုလိုနဲ့
မကြားသလိုလို ဟန်ဆောင်နေလိုက်တယ်။ နေရောင်မှာ ထောင်ထားရတော့ ကျွန်မ လက်ဝါး ထဲက သွေးကြောတွေက
စပ်ဖျဉ်းဖျဉ်း။
“မနေ့က
သူမ တရားရုံးသို့သွားသည် ။ ပြီးခဲ့သည့် နှစ်(၈၀)က ချင်ပန်ဇီတစ်ကောင်အား သူမက
မျောက်ခေါင်းစွပ်ပေးမိမှုနှင့်ပတ်သက်ကာ ချားလ်စ်ဒါဝင်က သူမအား အမှုဖွင့်ဆိုခဲ့ခြင်း
ဖြစ်သည် ။
` မင်းက
ဘာလို့ အဲ့လို လုပ်ရတာလဲ ။ ´
လူလိုလို
မျောက်လိုလို ဖြစ်နေခြင်းကို မကြည့်ရက်သောကြောင့် လူသားချင်းစာနာထောက်ထားသော
အားဖြင့် မျောက်စစ်စစ် ဘ၀သို့ ကူးပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သူမ
ပြောပြသောအခါ လက်မခံဘဲ သူမအဖေက သူမကို ` ထွက်သွား ´ ဟု ပြောပါသည်။
လိုချင်သောမျိုးပွားအဂါင်္မရမှုနှင့်ပတ်သက်ကာအဖေနှင့်အမေအားသူမကတရားလိုလုပ်ကာတရားစွဲဆိုထားကြောင်း
ပြန်လည်ပြောပြမိသောကြောင့် သူမအမေက ` ဆင်း ဆင်း ´ ဟုပြောပါသည် ။ အဘိုးနှင့်
အဘွားက သူမ၏ မိုက်ပြစ်များ အတွက် ခွင့်လွှတ်ပေးရန် ဘုရားသခင်ထံတွင်
အာပတ်ဖြေရန်ပြောသောအခါ သူမက ` ဘုရား သခင်သေပြီ ´ ဟု ပြန်ပြောလိုက်ပါသည် ။
` နင့်ကို
ဘယ်သူပြောသလဲ ´ ဟု မေးရာတွင်
`
နီရှေး ´
ဟု
သူမဖြေမိသောကြောင့် တစ်အိမ်လုံးက သူမကို အလုံး( နှင့်) အရင်း (နှင့်)
နှင်ချကြပါသည် ။
သူမ အိမ်က
ဆင်းလာသောအခါ ဂျက်ကီက လိုက်လာသည် ။
´ ဘာ
လိုက်လုပ်မလို့လဲ ။ ´
`
ကျွန်တော်က Plimpsest ကိုမုန်းတယ် ။ ´
သူမတို့
နှစ်ယောက် နေထိုင်ဖို့ အိမ်တစ်လုံးကို ကောင်းကင်ပြင်တွင် တည်ဆောက်လိုက်သည် ။
(နောက်ပိုင်းတွင် လေကြောင်းမလွတ်ကင်းမှု ဖြင့် ထိုအိမ်ကို
ဖျက်သိမ်းလိုက်ရပါသည်။) သူမကို စိန့်ပီတာက တွေ့သောအခါ ခွေးတစ်ကောင်နှင့်
တူတူနေသောကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု နှင့် သူမကို စိတ္တဇဆေးရုံသို့
ပို့ဆောင်ခဲ့သည်။
ထိုခွေးသည်
သူ့ထက် အိုင်ကျူပိုမြင့်ကြောင်း သူမပြောမိသောကြောင့် သူ ငိုကြီးချက်မနှင့်
အိုင်းစတိုင်းသို့ တိုင်ကြားခဲ့ပါသည်။ အိုင်းစတိုင်းကဟုတ်မှန်ကြောင်း
ထောက်ခံသောကြောင့် နောက်ပိုင်းတွင် သူ့ကိုယ်သူ ကြိုးဆွဲချ သွားပါသည်။
စိတ္တဇဆေးရုံတွင်
သူမအား အမဲရိုးဖြင့် ရှော့ရိုက်ကြရာ မိုနာလီဇာက ထမီစွန်တောင် ဆွဲလျက်လာရယ်
ပြပါသည်။မျက်ခုံးမရှိဘဲ တဟားဟားလုပ်နေခြင်းကို သည်းမခံနိုင်သောကြောင့် သူမရှေ့မှ
ဆရာဝန်ကို နှုတ်သီးဖြတ်ရိုက်လိုက်ရာ ဆရာဝန်သည် လင်းတတစ်ကောင် ဖြစ်သွားပါသည်။
ရှော့ရိုက်မှုဖြင့် သူမသည်အသိအာရုံများဖွံ့ဖြိုးလာရာ ကိုယ်ဟန်ပြမယ်ပုံများကို
ဟမ်ဘာဂါအဖြစ် မြင်ယောင် စားသောက်နိုင်သည်အထိတိုးတက်လာပါသည်။
ဆေးရုံမှ
ဆင်းသောအခါ သူမသည်အဆင်သင့်တွေ့ရသော နိုင်ငံရေး ကျောင်းသားများထည့်သွင်း ထားသော
အချုပ်ကားကြီးတစ်စီး၏ နောက်တွင် ပုန်းပြီး လိုက်သွားပါသည်။ အစောင့်ကတွေ့သွား
သောအခါ သူမကို စိုက်ကြည့်ပြီး သေနတ်ဖြင့် ချိန်ကာ ဒီမှာ ဘာလာလုပ်နေတာလဲ ဟု
မေးပါသည် ။သူမတို့ ` ကျွန်မဟာ မရှင်းဂန်းစက် တစ်လုံးပါ ´ ဟု တညီတညွတ်တည်းဖြေလိုက်
( ကြ) ပါသည် ။ အစောင့်က သူ့အမြီးကြီး တရမ်းရမ်းနှင့် သူမ၏ အတောင်များကို အတော်ကြာ
စိုက်ကြည့်ပြီး ` မင်းဟာ အိန်ဂျယ် ဖြစ်ရမယ် ´ ဟုဆိုကာ အတောင်များကို သော့ခတ်ပြီး
The Veiling ပန်းချီကားထဲ ထည့်လိုက်ပါသည် ။
သူမ
သက်ပြင်းချကာ သူမနှင့် မျက်နှာချင်းဆိုင်မှ လူကို ဘယ်လိုရောက်လာတာလဲ ဟု
မေးလိုက်ပါသည် ။ ၄င်းက သူသည် Bill Violaကိုယ်တိုင် ဖြစ်ကြောင်း ပြောပြပါသည်။
`
ကျွန်မတို့ တကယ်ဆုံ ဖြစ်ကြမှာလား´
ဟုသူမမေးသောအခါ၎င်းကလက်ခုပ်လက်ဝါးတီးလျက်
သူ၏အနုပညာကို ရှမ်ပိန်ဖောက်ပြီး ချီးမြှောက်ပါသည်။ သူမ ခေါင်းခါကာ ခေါင်းအုံးကို
ဆွဲထုတ်ပြီး ဒေါက်ဖိနပ်ဖြင့် ဖိထားလိုက်ပါသည်။
သူမ
အိပ်ယာမှ နိုးသောအခါ နေသာပြီး လှိုင်းပြေသော ကမ်းခြေတစ်ခုသို့ ရောက်ရှိနေပါသည်။
ဘုရားသခင်ဆိုသူက သူမကို ပြုံးပြကာ ` ကမ်းမွန် ရှိတ်ကဲန်း ´ ဟု ပြောပါသည် ။သူမ
သရဲကြောက်တတ်သောကြောင့် ထိုသူများကို မပြုံးပြခဲ့ပါ ။ သူမ
မိုက်ကန်းကန်းကြည့်လိုက်ရာ ငါတို့ ရှင်ပြန် ထ မြောက်လာတာ မသိဘူးလား ဟု သူမကို
တစ်ယောက် (ကို)တစ်ပေါက် နှုန်းဖြင့်ဝိုင်းဝန်းအပြစ်တင်ကြပါသည်။နီရှေးအားလည်း
တရားစွဲဝါသနာ ပါသည့်အလျောက် သေဒဏ်ချမည်ဟု တစ်ယောက် (ကို ) တစ်ခွန်းကျစီ
ဝိုင်းပြောကြပါသည် ။
သူမ
ဧ၀ရက်တောင်ထိပ်သို့ တက်သည်။ အပေါ်တွင် အောက်ဆီဂျင်နည်းသည့်အပြင် လိမ့်ကျလျှင်
လက်ကျိုးမည် စိုးသောကြောင့် ပြန်ဆင်းလာပါသည်။ အဆင်းတွင်ဂူးစတပ်ဖလော်ဘာနှင့်
တွေ့သည်။ဆရာကြီးတစ်ဆူအား လေးစားသောအားဖြင့်သူမအင်္ဂလန်လုပ် ပေသီးတစ်ခုကို
လက်ဆောင်ပေးခဲ့ပါသည်။သူက သူမအား ကျေးဇူးပြန်ပြုသောအားဖြင့် စာအုပ်တစ်အုပ် ပြန်ပေး
ခဲ့ပါသည်။သူမ ထိုစာအုပ်ကို ဖတ်မရပါ ။အများကြီးဖတ်လိုက်ရပါသည်။အဘယ့်ကြောင့်ဆိုသော်ဘာမှ
ရေးမထားသောကြောင့် ဖြစ်ပါသည်။လမ်းတွင် ရေတွင်းတစ်တွင်းတွေ့ရာ သူမလှန်လှောဖတ်ရှု
မိပါသည် ။ သူမ ခင်္ရီးထွက်နေစဉ် အတွင်း ဂျက်ကီသည် ငြိမ်းချမ်းရေး နိုဗယ်ဆုကို
ရရှိသွားပြီ ။ သူ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သ၀ဏ်လွှာကို သူမ ပေးပို့ခဲ့ပါသည် ။
` ခင်ဗျားအရုးပဲ´
ဟုဆိုကာကိန်းကဘိုင်ဘယ်ကျမ်း
ပြတင်းပေါက်မှ ချောင်းကြည့်ကာ သူမအား ဂျယ်လီတစ်လုံးပေးပါသည် ။ ` ရှင်မသေ သေးဘူးလား
´ ဟု သူမမေးလိုက်ရာ ` ကျုပ်ရော အေဘယ်ပါ ထာဝရ အသက် ရကုန်ကြပြီဗျ ´ ဟု ပြန်ပြောကာ
စာအုပ်ကို ဂျိန်းခနဲ ပိတ်လိုက်ပါသည် ။ သူမ ခေါင်းခါလျက် ဆူနာမီဝင်တာ
နင့်ကြောင့်လားဟု မေးလိုက်သောအခါ အစိမ်းရောင် ကြောင်ကလေးက တခိခိရယ်ပါသည် ။ (သူသည်
တခိခိရယ်ခြင်းမှာ သူမကို အဖက်လုပ်သောကြောင့် မဟုတ်ဘဲ လေဒီဂါဂါကိုကြည့်လျက်
နှာချေနေခြင်းဖြစ်ကြောင်းနောက်မှ သိရပါသည်။)
သူမ
အလွန်ပျော်သောစိတ်ဖြင့် လေဘာတီရုပ်တုကြီးနှင့် တွဲကာ က လိုက်ပါသည် ။ သူမ ပိုင်သော
ဂျယ်လီလေးအား ထောင်ပြကာ
သောက်ဦးမလားဟုမေးသောအခါ
လေဘာတီရုပ်တုကြီးကသူမလက်ထဲမှမီးတိုင်ကို မြှောက်ပြလျက်ငါ ဘာမှမမြင်ရဘူးဟု
ပြန်ပြောပါသည်။
နောက်တစ်နေ့တွင်
သူမသည် အန္တာတိက တိုက်မှ ပို့လိုက်သော ပါဆယ် တစ်ထုပ်ကို မေးလ်ဖြင့် လက်ခံရရှိပါသည်
။”
သူ ဖတ်ပြီးတော့ ကျွန်မလက်ဝါးကို
ကျွန်မကို ပြန်ပေးတယ်။
“မင်းရေးတဲ့ ကဗျာတစ်ပုဒ်
ကိုယ်ဖတ်ဖူးတယ်။”
ဘယ်မှာဖတ်ဖူးတာလဲလို့ ကျွန်မ
မမေးကြည့်လိုက်မိဘူး။ ကျွန်မကိုယ်တိုင်လည်း ကဗျာမရေးဖူးဘူး။
“မင်း ဘုရားသခင်ကိုမြင်ဖူးလား။ မင်း
ဝတ္ထုထဲကလိုလေ။”
ကျွန်မ ပခုံးတွန့်ပြလိုက်တယ်။
“ဒါပေမယ်လို့ သူက နေရာတိုင်းမှာ
ရှိတတ်တာမျိုးတဲ့။”
“တစ်ခါတစ်လေဆို မာဆတ်ရွန်းမ် (Massage
Rooms) တွေထဲမှာတောင် လှဲနေတတ်သေးတယ်။”
“အရောင်ဆိုတာ
ခြယ်မှလှတာမဟုတ်ပါဘူးကွာ။ ဒီတိုင်းကြည့်လည်း ပင်ကိုယ်လှရင် လှပါတယ်။”
ကျွန်မတို့ အဲဒီနေ့က တစ်ခုခုကို
စောင့်နေခဲ့ကြတယ်။ စောင့်နေခဲ့ကြတယ်လို့ ကျွန်မတို့ထင်ပေမယ် လို့ ဘယ်တစ်ခုခုမှ
ကျွန်မတို့ဆီရောက်မလာကြဘူး။ ကြည့်ရတာတော့ ဘုရားသခင် အလုပ်ရှုပ်နေပုံပဲ။
ဘယ်သူမှ
မထိုင်တဲ့ သစ်ပင်အိုကြီးတစ်ပင် သူ့အိမ်ရှေ့မှာရှိနေတော့ ကျွန်မတို့
သွားထိုင်ဖြစ်တယ်။ ဒီ တစ်ခါတော့ သစ်ပင်အိုကြီးက ကျွန်မတို့ဆီလာဖို့ရာ
တအားကြီးရင့်နေတဲ့အတွက် ကျွန်မတို့ပဲ သူ့ဆီသွားဖြစ် လိုက်ကြပါတယ်။
“တစ်ခါတစ်လေတော့လည်း
ငါတို့ဘက်က လိုက်လျောသင့်တာလေးတွေရှိတယ်မဟုတ်လား။” လို့ သူ့ကို ကျွန်မ
မေးလိုက်တော့ သူက ကျွန်မကိုပြုံးပြတယ်။ သူပြုံးတာကြီးက ဘုရားသခင်ပြုံးနေတာကြီးလိုပဲ။
ကျွန်မ ကြောက်လို့ မျက်နှာလွှဲလိုက်တယ်။
အပြင်မှာ
နိုင်ငံတော်အလံကြီးကိုင်ပြီး နိုင်ငံရေးသီချင်းတွေ ဆိုနေတဲ့လူတစ်အုပ်
ဖြတ်သွားတာတွေ့လိုက်တော့ သူလည်း လိုက်သွားတော့မယ်လို့ သူပြောလာတယ်။ ကျွန်မ
ခွင့်မပြုလိုက်ဘူး။
“ဘာကြောင့်လဲ။”
သူမေးတာကို
ကျွန်မ ပြန်ဖြေရဦးမယ်။ ကျွန်မ ဘာဖြေလိုက်ရင် ကောင်းမလဲ။ သူထွက်သွားရင်လည်း
ကျွန်မနဲ့ လမ်းမတူတဲ့ အတွက် ပြန်တွေ့ဖို့မရှိဘူး။ ပြန်မတွေ့လည်း ပြသနာမရှိဘူး။
ကျွန်မလည်းသူ့နောက်လိုက်ဖို့ပဲရှိတော့မယ်။ ဒါပေမယ်လို့ သူ့ကို မ သွားစေချင်ဘူး။
“ရှင့်ကို
ကျွန်မရဲ့ ချစ်သူဟောင်းအကြောင်းပြောပြမယ်။”
ကျွန်မ
စကားစပျိုးလိုက်တော့ သူက ကျွန်မကိုလှည့်ကြည့်တယ်။
“မင်းကို
လူနဲ့လုပ်တဲ့အသံပေါင်းစုံကို မုန်းတယ်လို့ ထင်ထားတာ။” လို့ သူဖွဖွပြောတယ်။
ကျွန်မ
ရယ်လိုက်တယ်။ ဘေးနားမှာ ရေဗူးတွေဟာ ပန်းတွေလိုပွင့်။ ငွားငွားစွင့်စွင့်။
“ရှင်
နားထောင်မလား။”
သူ့လက်ထဲက
မြေကြီးမပါတဲ့ ပန်းပွင့်လေးကို သူလှည့်ပတ်ကြည့်ရှုနေတယ်။ ကျွန်မ ဆက်ပြောလိုက်တယ်။
“ ကျွန်မမှာ ချစ်သူတစ်ယောက်ရှိဖူးတယ်။ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ တိတိကျကျပြောရရင် သူကတတိယ မြောက်ပေါ့။ သူနဲ့ ကျွန်မ ရွယ်တူပဲ။ ကျွန်မတို့ တူတူနေခဲ့ကြတယ်။ တူတူနေဖို့လည်း အိမ်တစ်လုံးရှာခဲ့ကြတယ်။ ကျွန်မ သူနဲ့ တွေ့ရ တာ ပျော်ပေမယ်လို့ ကျွန်မပျော်နေတာကို သူမသိခဲ့ဘူး။”
“ ကျွန်မမှာ ချစ်သူတစ်ယောက်ရှိဖူးတယ်။ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ တိတိကျကျပြောရရင် သူကတတိယ မြောက်ပေါ့။ သူနဲ့ ကျွန်မ ရွယ်တူပဲ။ ကျွန်မတို့ တူတူနေခဲ့ကြတယ်။ တူတူနေဖို့လည်း အိမ်တစ်လုံးရှာခဲ့ကြတယ်။ ကျွန်မ သူနဲ့ တွေ့ရ တာ ပျော်ပေမယ်လို့ ကျွန်မပျော်နေတာကို သူမသိခဲ့ဘူး။”
“အဲဒါ
ခက်တာပေါ့။” လို့ သူ ဖြတ်ပြောတာကို ကျွန်မ ခေါင်းညိတ်ပြလိုက်ပြီး ဆက်ပြောတယ်။
“ဘယ်လို
ပြောရမလဲ။ ကျွန်မတို့ သစ္စာရှိခဲ့ကြတယ်။ ရှိခဲ့ကြတယ်လို့ ကျွန်မထင်တယ်။ ပေါ့လေ။
ဒါပေမယ်လို့ မရှိခဲ့ကြပါဘူး ။ သူက သူ့အတွေးနဲ့သူ ကျွန်မနဲ့
အခက်အခဲရှိလာချိန်တိုင်းမှာ ဖောက်ပြန်ဖို့ ကြိုးစားတယ်။ ကျွန်မလည်း
နောက်ပိုင်းတော့ သည်းမခံ နိုင်တော့တာနဲ့ သူလုပ်သလို အကုန်လိုက်လုပ်ဖြစ်တယ်။
ဒါပေမယ်လို့ သူ့လို လိင်တူဖောက်ပြန်ဖို့တော့ မကြိုးစားမိဘူး။”
“မင်းက
လိင်တူတွေအပေါ် တော်တော်သဘောထားသေးသလား။”
“အယ် .. အဲ
.. ဘယ်လို ပြောရမလဲ။ ပေါ့။ အဲ့လို စိတ်မျိုးတော့ မရှိပေမယ်လို့ လိင်တူချင်း
ဆက်ဆံတာကိုတော့ ကျွန်မ မကြိုက်ဘူး။ ”
သူ
ခေါင်းညိတ်ပြတယ်။ ဒီနှစ်အဖို့ ကျွန်မပြောသမျှ သူခေါင်းလိုက်ညိတ်နေမယ့်သဘောမှာရှိတာကြောင့်
ကျွန်မ ဆက်ပြော ဖို့အားတက်သွားတယ်။ ဒါကြောင့် ငယ်ငယ်က ကျွန်မဟာ
လက်စဘီယမ်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့အကြောင်း သူ့ကိုပြောပြလိုက်တယ်။
“သိပ်ကောင်းပေါ့။”
“ကိုယ်
လွန်ခဲ့တဲ့နှစ်တွေက လူတစ်ယောက်ဆီကို ဖုန်းမှားဆက်ဖူးတယ်။ လူတော်တော်များများ
သူ့ဆီကို ဖုန်းမှားဆက်ဖူး တယ်လို့ သူပြောတယ်။ ဒါပေမယ်လို့ သူက ချက်ချင်းမပြောဘူး။
်တော်တော်ကြာတယ်။”
“အဲဒီ
ဝတ္ထုကျွန်မဖတ်ဖူးတယ်။ ထင်တယ်။ ”
သူခေါင်းထပ်ညိတ်တယ်။
သူခေါင်းညိတ်တာ ဒီအခါပါနဲ့ဆို သုံးရာ ခုနှစ်ဆယ့်ခြောက်ခေါက်လောက်ရှိပြီလို့
ထင်တာပဲ။ တော် တော်ခေါင်းညိတ်နိုင်တဲ့လူလို့ ကျွန်မ အသိအမှတ်ပြုလိုက်တယ်။ သူနဲ့
စကားပြောရတာ ကျွန်မ သိပ်ပျော်တာပဲ။ ကိုယ်ပြောသမျှ လက် ခံနားထောင်နေတဲ့
လူတစ်ယောက်ဆီမှာ ဖွင့်ဟ၀န်ခံဖို့နဲ့ တစ်ခုခုကို ပြောပြလိုက်ဖို့ ကျွန်မ
ဝန်လေးနေမှာ ဘယ်တော့မှ မဟုတ်ဘူး။
“ခုတလော
နေရောင်ခြည်က တအားပြင်းလာတယ်နော်။”
“ဟုတ်တယ်။
အပူတွေလည်း ညပိုင်း တအားအေးလာတယ်။”
“ကျွန်မ
ရှင့်ကို ကဗျာရွတ်ပြရမလား။”
“ဘာမှ
မရှိတာကို နာကျင်ပြဦးမလို့လား။ တော်ပါပြီ။ ကျေးဇူးတင်တယ်။”
“ရှင်
ထပ်ပြီးကျေးဇူးတင်စရာ ကျွန်မမှာရှိသေးတယ်။”
“မင်း တော်တော်လောဘကြီးတာပဲ။ တကယ်တမ်းက
ဘိလိယက်လုံးဟာ မင်းတို့နေတဲ့ နေဂြိုလ်ကြီးထက်ကြီးတယ်ဆိုတာကို မင်းတို့
လက်မခံကြဘူး။”
“ရှင်ပြောတာ
ကျွန်မလက်ခံပါတယ်။ တိုင်းကြည့်လို့ရတဲ့ ကိစ္စမှမဟုတ်တာ။ ဘိလိယက်ပဲ တော်ပြီလား။
ဂေါက်သီးလောက်ဆို ရင်ကော ပိုမကောင်းဘူးလား။”
“ဓမ္မဓိဌာန်မေးခွန်းတွေမှာဆို
အတိအကျပဲ ဖြေရတာများတယ် မဟုတ်လား။”
“သူတို့က
အသေးအမွှားလေးတွေနဲ့ပဲ အလုပ်လုပ်တာဆိုတော့။ ပေါ့လေ။”
“မင်း
သိလား။ အားလုံး လေးဆယ့်ကိုးမျက်နှာရှိတယ်။”
ကျွန်မတို့
စကားဆက်ပြောကြသေးတယ်။ သူ့အရင် ကျွန်မထထွက်သွားဖို့မရှိသလို သူကလည်း
ထထွက်သွားဖို့မရှိဘူး။ ကျွန်မတို့ ဒီအပင်ကြီးမှာပဲ အမြစ်တွယ်နေကြရုံ။ လေးဆယ့်ခုနစ်နှစ်ကြာတယ်။
30th January 30, 2014
No comments:
Post a Comment