.

.
.

Tuesday, April 1, 2014

မင်းကိုယ့်ကို မြင်ဖူးလား။ ကိုယ်လာပြီဆစ်လ်ဗီယာ




ကိုယ်လာပြီ ဆစ်လ်ဗီယာ
အဖော်မဲ့နေ(မယ်လို့ ထင်ရ)တဲ့ မင်းကို အဖော်ပြုဖို့
ကိုယ်လာပြီ ဆစ်လ်ဗီယာ။

ကိုယ်လာပြီ ဆစ်လ်ဗီယာ
မင်းရေးတဲ့ ကဗျာတွေကို တူတူရွတ်ဖို့
ကိုယ်လာပြီ ဆစ်လ်ဗီယာ။

မင်းသိလား ဆစ်လ်ဗီယာ
ကိုယ်တို့ခေတ်မှာ
နံမည်ကြီး ဘောလိဝုဒ် မင်းသားတစ်ယောက်ရှိတယ်ကွဲ့
မင်းနဲ့ ကိုယ် အပျင်းပြေကြည့်ကြဖို့
သူ့ဇာတ်ကားတွေကို ကိုယ်ယူလာတယ်
ကိုယ်လာပြီ ဆစ်လ်ဗီယာ။

ကိုယ်လာပြီ ဆစ်လ်ဗီယာ
ကဗျာဆရာမလေးရဲ့ ထမီအဟမှာ
သူ့ရဲ့အနုပညာကို လှစ်ခနဲ တွေ့လိုက်ရတဲ့အကြောင်း
မင်းကို ပြောပြဖို့
ကိုယ်လာပြီ ဆစ်လ်ဗီယာ။

ကိုယ်တို့မြေမှာ
မင်းမမြင်ဖူးသေးတဲ့ အနုပညာတွေ
မင်းမကြုံဖူးသေးတဲ့ ရွှံ့နွံတွေနဲ့
မင်းမချစ်ဖူးသေးတဲ့ ချောကလက်လုံးလို ကလေးမည်းမည်းလေးတွေအကြောင်း
ကိုယ်ပြောပြဦးမယ်
ကိုယ်လာပြီ ဆစ်လ်ဗီယာ။

ဘယ်တုန်းကမှ
ကိုယ်မရောက်ဖူးသေးတဲ့
မင်းရဲ့ အိမ်ကလေးကို ကိုယ်ရောက်ဖူးချင်သေးရဲ့။
မင်းမွှေးကြူခဲ့ဖူးတဲ့
မင်းရဲ့ ခင်ပွန်းကို ကိုယ်မြင်ဖူးချင်သေးရဲ့။
မင်းမတွေ့ဖူးသေးတဲ့
ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို
ကိုယ်မင်းကို ပြချင်သေးရဲ့။
ကိုယ်လာမယ်လေ ဆစ်လ်ဗီယာ။

ကိုယ်လာပြီ ဆစ်လ်ဗီယာ
ဘယ်တော့ ဘယ်လိုပြန်လာမယ်မှန်းမသိတဲ့ စောင့်မျှော်မှုတွေဟာ
ဘယ်လောက်ရင်နာရသလဲဆိုတာ တူတူရင်ဖွင့်ကြဖို့
ကိုယ်လာမယ်လေ
စောင့်နေပါ ဆစ်လ်ဗီယာ။

ကိုယ်လာပြီ ဆစ်လ်ဗီယာ
မင်းသားသမီးတွေကို မင်းဘယ့်လောက် ချစ်ကြောင်း
ကိုယ်နားထောင်ဖို့
ကိုယ်လာပြီ ဆစ်လ်ဗီယာ။

ကိုယ်လာပြီ ဆစ်လ်ဗီယာ
ကိုယ့်သားသမီးတွေကို
ကိုယ့်ချစ်သူကို
ဘယ့်လောက် .. ဘယ်သို့ လိုလားကြောင်း
ဘယ်သူမှ နားမထောင်ဖူးခဲ့တဲ့
ကိုယ့်အကြောင်းတွေ မင်းကို ပြောပြချင်လို့
ကိုယ်လာပြီ ဆစ်လ်ဗီယာ။

ဒါတွေ မင်းမသိဖူးသေးဘူး မဟုတ်လား
ကိုယ်ပြောပြမယ်
ကိုယ်လာမယ် ဆစ်လ်ဗီယာ။

ကိုယ်လာပြီ ဆစ်လ်ဗီယာ
မင်းရေးတဲ့ ကဗျာတစ်ပုဒ်လောက်
ကိုယ့်ဈာပနပွဲမှာ ရွတ်စေချင်လို့
(တုံကင်လိုသေးလား)
ကိုယ်လာပြီ ဆစ်လ်ဗီယာ။

မင်းလို အောင်မြင်မှုမျိုး မရှိပေမယ်လို့
ကိုယ်က ဟာသဥာဏ်ကြီးတော့
မင်း ကိုယ်နဲ့နေရတာ ကြည်နူးမှာပါ
ကိုယ်လာပြီ ဆစ်လ်ဗီယာ။

ကိုယ်တို့ ဘ၀တွေတိုတယ် ဆစ်လ်ဗီယာ
ဘာကြောင့် ကိုယ်တို့တွေ
ကိုယ့်အလုပ်ကိုယ်ပဲ မလုပ်နိုင်ကြရတာလဲ
ကိုယ်တို့ ဆွေးနွေးမယ်
ကိုယ်လာမယ် ဆစ်လ်ဗီယာ။

ဘတ်စကားတိုးစီးရတဲ့ ခေတ်ကို
မင်းမမီလိုက်ဘူး မဟုတ်လား
ကိုယ် ပါဖောမန့်စ် လုပ်ပြမယ်
အဲဒီအချိန်
မင်း ကဗျာရွတ်နေဖို့တော့
မမေ့နဲ့ပေါ့ ဆစ်လ်ဗီယာ။     ။


ချိုပိန်းနောင်
 7th June, 2013
Friday

No comments: