.

.
.

Sunday, April 13, 2014

ကျွန်တော်ဟာ ….. ဖြစ်သည်



            ကျွန်တော်ဟာ ကဗျာရွတ်သူ ဖြစ်သည် ၊၊
            ကဗျာဆိုတာ စိတ်က လာတာပါ ၊၊ လာတယ် ဆိုတာကတော့ ၊၊ ကျွန်တော် တစ်ခုပြောလိုတာက ကျွန်တော် ကဗျာရွတ်တဲ့အခါတိုင်း ဘန်းစကားတွေ ညှပ်သုံးလေ့ရှိတတ်တဲ့ကောင် မဟုတ်ဘူးဆိုတာပါ ၊၊ လာတယ် ဆိုတာ လာတယ်ကိုပြောတာပါ ၊၊ ကျွန်တော် အခု လာနေပါတယ် ၊၊ ကဗျာဆိုတာ စိတ်က လာတာပါ၊၊ ကျွန်တော် ကဗျာတစ်ပုဒ်ကို ရွတ်ပါ့မယ် ၊၊ ကျွန်တော့်ကို ကဗျာရွတ်သူ ဆိုပြီး ဖြစ်လာစေတဲ့ ကဗျာလေးဆိုရင်လဲ မမှားပါဘူး ၊၊ ကျွန်တော့်ကို ကဗျာရွတ်စေချင်တယ် ဆိုရင် လက်ခုပ်တီးပေးပါ ၊၊ သောက်စကား မများပါနဲ့ ၊၊ ကျွန်တော်ဟာ ကဗျာရွတ်နေဆဲ အခိုက်အတန့်တွင် သမီးရည်းစားများ မပလူးပါနှင့် ၊၊ ဖုန်းတဂွမ်ဂွမ် မမြည်ပါစေနှင့် ၊၊ ကျွန်တော် ကဗျာရွတ်သူ အား သောက်တင်းမတုပ်ပါနှင့် ၊၊ ကျွန်တော်က ဒါမျိုးလေး လိုက်လုပ်ကြည့်ပေးပါ လို့ ပြောမည်ကို နားထောင်နေပါ ၊၊ ကျွန်တော်ပြောသည်နှင့် ဒါမျိုးလေး လိုက်လုပ်ကြည့်ပေးပါ ၊၊ ကျွန်တော် တစ်ကြောင်းရွတ်ပြီးတိုင်း ကျွန်တော့်အမည်ကို ထအော်ပါ ၊၊ လက်ခေါက်မှုတ်ပါ ၊၊ ကျွန်တော် ရေရွတ်နေရင်း လှိုက်ခနဲ လှိုက်ခနဲ ဖြစ်သွားသောအခါတိုင်း အားလုံးက သက်ပြင်းကို ခဏခဏ ချပါ ၊၊ ရှေ့ဆုံးမှ နေရာရနေသူများ ကျွန်တော့်၏ လက်ကို မဆွဲပါနှင့် ၊၊ ပန်းစည်း နှင့် လက်ဆောင်ပစ္စည်း ပေးလိုသူများ တစ်ကယ်ပေးပါ ၊၊ ကျွန်တော်လာယူသောအခါကျမှ “ငှော့” ဆိုပြီး ပြန်မရုတ် သွားပါနှင့် ၊၊ ကျွန်တော် ရွတ်သည်မှာ အသုံးမကျဟု ထင်ပါက ရေသန့်ဘူး များနှင့် ပစ်ပေါက်ခွင့် ရှိပါသည် ၊၊ (သို့သော် ခြွင်းချက်မှာ ဆရာဝန် ခွင့်မပြုသော နေရာတစ်ဝိုက်သို့ ထိမှန်ပါက ကျွန်တော် တရားစွဲဆိုမည်ဖြစ်ပြီး ကျွန်တော်၏ ကဗျာရွတ်ပွဲ ကြည့်ရှုနားထောင်ခွင့် ၂ နှစ်ပိတ်ပင်မည်ဖြစ်သည်) ၊၊ ဆဲဆိုခွင့်ရှိသည် ၊၊ (သို့သော် ခြွင်းချက်ရှိပါသည် ၊၊ ယင်းမှာ မြန်မာလိုနှင့်အင်္ဂလိပ်လို မဆဲဆိုရပါ ၊၊ အကြောင်းမှာ ၄င်းဘာသာစကား နှစ်ခုအား ကျွန်တော် အနည်းငယ် နားလည်သောကြောင့်ဖြစ်သည်) ၊၊ တစ်ခုရှိသေးသည်မှာ ကျွန်တော် ၏ စိတ် အရမ်းလာသွားပြီး ၊ အနုပညာဈာန် အရမ်းဝင်သွားပြီး ကဗျာရွတ်ဆိုမှု အပြီးတွင် ကဗျာစာရွက်အား ဆုတ်ဖြဲကိုင်ပေါက် မိလိုက်ပါက ဖြုန်းတီးဖျက်ဆီးသူ ဟု မဝေဖန်ပါနှင့် ၊၊ ဓာတ်ပုံများ ရိုက်ကူးခွင့်ကိုတော့ ပေးသနား ထားပါသည် ၊၊ ဟုတ်ကဲ့ ၊၊ ကျေးဇူးတင်ပါသည် ၊၊
            ကျွန်တော်ဟာ ကဗျာရွတ်သူ ဖြစ်သည် ၊၊

2010

No comments: