.

.
.

Friday, April 11, 2014

ကမ္ဘာကြီးမှာ တွေးစရာတွေများတယ် ။ ကမ္ဘာကြီးဟာ သိပ်သနားဖို့ကောင်းတယ် ။



          ကမ္ဘာကြီးက ဒီနေ့ နေပြည်တော်ရုံမှာ The Amazing Spider Man ကား သွားကြည့်တယ် ။ အဲဒီအချိန်မှာပဲ ကမ္ဘာကြီးက စတင်ဇာတ်လမ်းစတော့တာပဲ ။ ကလေးတွေ စကားနဲ့ဆိုရင်တော့ အဲ့မှာ စတွေ့တာပဲပေါ့ ။ ဒါပေမယ့် ကမ္ဘာကြီးက အသက်ကြီး(သင့်သလောက်ကြီး)နေပြီဆိုတော့ .. အဲ့မှာစတွေ့တာနဲ့တင် မပြီးဘူး ။ မရပ်ဘူး ။ ဆိုတော့ အဲ့မှာ စတွေးတော့တာပဲ ။
သူ … ရုံထဲဝင်သွားတော့ ရုပ်ရှင်က စနေပြီ ။ ရုပ်ရှင်ပြတဲ့ ရုံတစ်ခုလုံး မှောင်မဲနေတာပဲ ။သူ့ခုံရှိတဲ့နေရာကို သူလမ်းလျှောက်သွားတဲ့အချိန်မှာ ပထမဆုံးကြားလိုက်ရတာက “ကယ်ကြပါဦးရှင် .. ကယ်ကြပါဦးရှင် .. ” ဆိုတဲ့ တယ်လီဖုန်း Ringtone မြည်သံပဲ ။ “ဟဲလို” လို့ပြန် ထူးလိုက် တဲ့အသံက ကမ္ဘာကြီးရဲ့ အနောက်မှာကျန်ရစ်ခဲ့တယ် ။ ကမ္ဘာကြီးကြားဖူးတာက တခြားနိုင်ငံတွေမှာဆို ရုပ်ရှင်ရုံထဲဝင်ရင် ဖုန်းပိတ်ထားရတယ်ဆိုပဲ ။ ဟုတ် မဟုတ်ကတော့ ကမ္ဘာကြီးကနိုင်ငံခြားလဲ မရောက်ဖူးဘူးဆိုတော့ မသိဘူး ။ ကမ္ဘာကြီးက အဲဒီတော့မှ ”အော် … ငါလဲ ဖုန်းမပိတ်ထားမိပါလား ။ မပိတ်ရင်တောင်ပဲ Silent လေးတော့ လုပ်ထားမှပဲလေ .. ”လို့တွေးမိပြီး သူ့ဖုန်းပိစိလေးကို Silent လုပ်လိုက်တယ် ။
            ဆက်တွေးမိတာက ရုပ်ရှင်ရုံထဲမှာတော့ ဖုန်းမပိတ်ကြဘူး ။ ဟုတ်ပြီ ။ ဒါဆို မီးရထားတို့ ၊ ဘတ်စကားတို့ အပေါ်မှာကျတော့ရော .. ?
 ကမ္ဘာကြီးက မီးရထားမစီးဖူးသေးတော့ မီးရထားထဲမှာ ဖုန်းပိတ်ရ မပိတ်ရ မသိဘူး ။ (လူတိုင်းလည်း ဖုန်းမကိုင်ကြသေးပါဘူး ။) ဒါပေမယ့်
 ကမ္ဘာကြီးက ဂျပန်စာသင်တန်းတက်ဖူးသေးတော့ Yokohama မှာနေတဲ့ Yosukei San ဆိုတဲ့ ဆရာတစ်ယောက်ဆီကနေ ကြားဖူးတယ် ။
 သူတို့ဂျပန်မှာ မီးရထားတို့ဘတ်စကားတို့ စီးမယ်ဆို ဖုန်းပိတ်ထားရတယ်တဲ့ ။ ဘာကြောင့်လဲလို့ ကမ္ဘာကြီးက မေးတော့ တခြားလူတွေကိုယ့်အသံကြောင့် ဆူညံမှုဖြစ်မှာ ၊ အနှောင့်အယှက် ဖြစ်မှာစိုးလို့တဲ့ ။ Message ပို့တာ ၊ အင်တာနက်သုံးတာတွေလောက်တော့ လုပ်လို့ရပါတယ်တဲ့ ။ Taxi ပေါ်မှာတော့ ဖုန်းပြောလို့ရတယ်တဲ့ ။ ကမ္ဘာကြီးက တွေးမိတယ် ။ အင်တာနက်ကို လှုပ်ရှားခုန်ပေါက်နေတဲ့ မီးရထားတွေ ၊ ဘတ်စကားတွေပေါ်မှာ ဘယ်လိုများ Type( ရိုက်)ပြီး သုံးကြတာလဲလို့ .. ။ အဲဒီလောက်တောင် ခုန်နေ ၊ လှုပ်နေ ၊ ကြပ်ပိတ်သပ်နေတဲ့ လူတွေကြားမှာ အင်တာနက်က လိုင်းရောမိလို့လားလို့ .. ။ မတော်တဆများ ဒရိုင်ဘာက ကားလုမောင်းရင်းနဲ့ ဘရိတ်အုပ်ချလိုက်ရင် Chatting၀င်နေတဲ့လူတွေ ၀ုန်းးးး ကနဲဆို လဲကျသွားမှာပဲ ။ ဒီဆရာ ငါ့ကိုလိမ် ပြောသွားတာ ထင်တယ်လို့တော့ ပထမဆုံးမှာ ကမ္ဘာကြီးက တွေးလိုက်မိသေး ။ ဒါပေမယ့် ဆရာ …ဆိုတာမျိုးက အကုန်သိ အကုန်တတ်တယ်လေ ။ကျောင်းတုန်းကဆို ကမ္ဘာကြီးက မသိလို့ ဘာပဲထမေးမေး ဆရာတွေက ဒေါက်ဆို ဖြေချလိုက်နိုင်တာပဲ ။စာအုပ်ကို ခွကျော်ရင် စာမဖတ်တတ် ဘဲ ဖြစ်ပြီး မြေမြိုတတ်တဲ့အကြောင်းကမ္ဘာကြီးအစက မသိဘူး ။ဆရာတစ်ယောက်က ပြောပြထားဖူး တာပေါ့ ။
            ကမ္ဘာကြီးက ကိုယ့်ကိုကိုယ်ပြန်မြိုရမှာ သိပ်ကြောက်တဲ့ကောင် ။ ဆိုတော့ ခုထိ စာအုပ်တွေဆို ခွမကျော်ရဲဘူး ။
နိုင်ငံခြားရောက်နေတဲ့ လူတွေများ သိပ်ခက်တယ် ။ သိပ်ညာပြောတတ်တာပဲ ။ ဒါကမ္ဘာကြီးကိုယ်တွေ့ ။ ကမ္ဘာကြီးကို နိုင်ငံခြားကသူငယ်ချင်းတစ်ယောက်က ညာပြောဖူးတယ် ။ ကမ္ဘာကြီးက သီချင်းတစ်ပုဒ် ကို သိပ်ကြိုက်တယ် ။ ဒါကို ကမ္ဘာကြီးက သူငယ်ချင်းကိုနားထောင်စေချင်တော့ Download ချပြီး နားထောင်ကြည့်ပါလားလို့ ပြောဖူးတယ် ။ကမ္ဘာကြီး ပြောပြီးလို့မှ သိပ်မကြာသေးဘူး ။ တစ်ဖက်ကနေသူငယ်ချင်းက လှမ်းပြောတယ် ။ “အေး .. ငါနားထောင်နေပြီ ။တယ်ကောင်းတဲ့ သီချင်းပဲကွ ။” တဲ့ ။ နိုင်ငံခြားရောက်သွားတဲ့လူတွေ ဘာကြောင့်များ လိမ်ပြောတတ်ရတာပါလိမ့်လို့ ကမ္ဘာကြီး တွေးမိတယ် ။
            အော် .. စကားစ ပြတ်သွားတယ် ။ ဆရာတွေ အကြောင်းပြောပြမို့လို့ ။ တစ်ခါကဆိုလေ ဆရာတစ်ယောက်က ပြောဖူးတယ် ။ ကမ္ဘာကြီးတို့အိမ်မှာ အလှူလုပ်တုန်းကပေါ့ ။ ကမ္ဘာကြီးအမေ ထည့်ပေးတဲ့ ဒံပေါက်နဲ့ ကျွဲရိုင်းကိုသောက်ရင်း ကလေးကို အပ်ပါတယ် မလိမ္မာတာရှိရင် ဆုံးမပါပေါ့ အမေက ပြောတော့ … ဆရာက ပြောရှာတယ် ။ “ကမ္ဘာကြီးက သိပ်တော်ပါတယ် ။ ကျုပ်တို့ဆရာတွေဆိုတာကလည်း တပည့်မရှား ၊ တစ်ပြားမရှိ ၊ ပီတိကိုစား ၊အားရှိပါ၏ ပေါ့ဗျာ ။ ဒီလိုပဲ ကောင်းတဲ့ ကလေးမိဘ ရှိသလို မကောင်းတဲ့ကလေးမိဘလဲ ရှိကြတာပဲ ” တဲ့ ။ ကမ္ဘာကြီးသိပ်ကြည်ညိုလွန်းလို့ သူ့ကျူရှင်မှာ သုံးနှစ်တက်ဖူးတယ် ။ သိလား ။ ဆရာတွေများ ကိုယ်ကျိုးစွန့်ပြီး ပညာတွေ သင်ပေးနေကြရရှာတာ ။ အဲ့လို ပြန်သင်ပေးနိုင်အောင်လည်း သူတို့ သင်ထား လေ့လာဖတ်ရှု မှတ်သားထားရတဲ့ ဗဟုသုတတွေဆိုတာ နည်းတာမှ မဟုတ်ဘဲ ။
            ရုတ်တရက် .. ကမ္ဘာကြီး အတွေးလွန်သွားတော့ ဘေးကနေ “၀ိုးးးးးးးး” ဆိုတဲ့ အသံကြီးထွက် လာမှ ရုပ်ရှင်ပိတ်ကားကို ကမ္ဘာကြီးကြည့်မိတယ် ။ Spider Man က တိုက်တွေကြားမှာ ကားတွေကြား မှာ ပင့်ကူအိမ်မျှင်တွေ ထုတ်လွှတ်ပြီး ပြေးသွားလိုက်တာများ အံ့သြဖို့ကောင်းလိုက်တာ ။ “ အော် … ဒီလိုအကောင်တစ်ကောင်လောက်များ မြန်မာနိုင်ငံကိုရောက်လာခဲ့ရင် တိုက်ပြိုလို့ တိုက်ပိပဲသေမလား၊ ကားတိုက်လို့ပဲသေမလား ” လို့ ကမ္ဘာကြီး တွေးပူလိုက်မိသေးတယ် ။
            ပြီးတော့ ဘေးကနေ တဖျောက်ဖျောက်မြည်သံကြားလို့ လှည့်ကြည့်လိုက်တော့ ဘေးက ကလေးမက ရုပ်ရှင်ကြည့်ရင်း နေကြာစေ့ခွာစားနေတာ တွေ့တယ် ။ အမှိုက်တွေဆိုတာ သူ့အောက် မှာပွကြဲနေမှာပဲ ။ နေကြာစေ့ခွံတွေ အောက်ကို ပစ်ပစ်ချတာ ကမ္ဘာကြီးကမြင်လိုက်ရတာကိုး ။ ဒါနဲ့တင်ပဲ ကမ္ဘာကြီးတွေးမိသေးတယ် ။ ဟိုတလောက ဂျာနယ်ထဲမှာ အမှိုက်စို ၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်လို့ရအောင် အမှိုက်ပုံးကြီးတွေ ထားထားပေးတာ ပျောက်သွားလို့ဆိုပဲ ။ ဘာကြောင့်ပါ လိမ့် .. လို့ ကမ္ဘာကြီး အတွေးမမီဘူး ။
            ရုပ်ရှင်ပြီးသွားတော့  ကမ္ဘာကြီး အပေါ့သွားချင်လာတယ် ။ အိမ်သာကို သွားတော့ အိမ်သာမှာ တန်းစီစောင့်ဆိုင်းနေတဲ့လူတွေဆိုတာ မနည်းဘူး ။ ကမ္ဘာကြီးတနေရာရအောင် နောက်ကနေ ၀င်တန်းစီတယ် ။ ၁၅မိ နစ်လောက်နေတော့ ကမ္ဘာကြီးရှေ့မှာ လူတစ်ယောက်ပဲကျန်တော့တယ် ။ ဒါပေမယ့် နောက်ကလူနှစ်ယောက်က ကမ္ဘာကြီးကို တွန်းပြီး ကမ္ဘာကြီးရှေ့မှာ ၀င်ရပ်လိုက်ကြတယ် ။ ကမ္ဘာကြီးဝမ်းနည်းသွားတာပေါ့ ။ ဘာကြောင့်များတန်းမစီပါလိမ့် … လို့ ကမ္ဘာကြီးက ထပ်တွေးမိ ပြန်ရော ။
            ရုံပြင်ကိုထွက်လာတော့ မိုးတွေ တအားသည်းနေတယ် ။ ကားဂိတ်မှာ သူငယ်ချင်းနဲ့ နှုတ်ဆက်ပြီး တစ်ယောက်တည်းဘတ်စကားစောင့်နေတဲ့ မိန်းကလေးတစ်ယောက်ကို ကမ္ဘာကြီး မြင်လိုက်တယ် ။ မိုးက လေတွေပါ ပါတယ် ။ တအားသည်းပြီး တ၀ုန်းဝုန်းနဲ့ ထိုးရွာနေတယ် ။ Taxi ကို တစ်စီးလာတယ် ။ ကောင်မလေးတားတယ် ။မ ရဘူး ။ နောက်တစ်စီးလာတယ် ။မရဘူး ။ နောက်ဆုံး လေကတစ်ချက်ဝုန်းဆို တိုးထည့်လိုက်တာ ကောင်မလေး ထီးကလေး ဗြောင်းကနဲကျိုးသွားပါရောလား ။ ထီးကြီးလဲလန်သွားရော ။ တကိုယ်လုံးမိုးရေတွေရွဲကုန်တာပေါ့။ အဲဒီအချိန်မှာ ကောင်မလေးနားကို လူတစ်ယောက်ရောက်လာတယ် ။ ဘာပြောလိုက်တယ် မသိဘူး ။ ကောင်မလေးက ထီးအကျိုးနဲ့ ရွယ်လိုက်တာမြင်လိုက်တယ်။ အဲဒီလူလဲ ထွက်သွားတယ် ။ ကောင်မ လေးက ကမ္ဘာကြီးထိုင်နေတဲ့ ကော်ဖီဆိုင်မှာ လာဝင်ထိုင်တယ် ။ ရင်တော်တော်တုန်နေတဲ့ပုံပဲ ။ သနားပါတယ်လို့ ကမ္ဘာကြီးတွေးတယ် ။ အရင်ကအကြောင်းနှစ်ခုသုံးခုကိုတောင် ကမ္ဘာကြီး ဒီကောင်မလေးနဲ့ ဆက်စပ်မိလို့ ပြန်တွေးမိသေးတယ် ။
            အဲ့တုန်းက ကမ္ဘာကြီးက ဘတ်စကားစီးလာတာပေါ့ ။ကားကကြပ်တော့ မိန်းကလေးတွေလည်း ကားတိုးစီးလာကြရတယ် ။ ကမ္ဘာကြီးကတော့ သက်သာတယ် နေရာရတော့လေ ။ အဲဒီအချိန်မှာ ကမ္ဘာကြီးရှေ့မှာ မတ်တပ်ရပ်နေတဲ့ ကောင်မလေးက မျက်စိပျက် မျက်နှာပျက်နဲ့ ကမ္ဘာကြီးကို မျက်ရိပ်ပြတယ် ။ သူ မျက်ရိပ်ပြတာကိုမြင်တာနဲ့ ဘာဖြစ်နေတယ်ဆိုတာကို ကမ္ဘာကြီးသိလိုက်တယ် ။ ကောင်မလေးနောက်ကကောင်က ပြီတီတီနဲ့ကိုး ။ ကမ္ဘာကြီးနားလည်လိုက်တယ် ။ ကောင်မလေး ကမ္ဘာကြီးကို အကူအညီတောင်းနေပြီဆိုတာ ။ဒါပေမယ့်ကမ္ဘာကြီးအသိတစ်ယောက်က အဲ့လိုကားပေါ် မှာ မဖွယ်မရာလုပ်တာကိုမြင်ပြီး ၀င်ပြောလိုက်မိတာနဲ့ အဲ့ဒီအသိရဲ့ လက်မောင်းကို မဖွယ်မရာ လုပ်သွားတဲ့လူက ဆင်းကာနီးမှာ တစ်ကျပ်စေ့ကို မြိနေအောင် ချွန်ထားတဲ့ အချွန်နဲ့ ထိုးခွဲသွားတယ် ။ ကမ္ဘာကြီးအဲ့လိုအဖြစ်တွေကို ကြောက်တယ် ။ ကိုယ်နဲ့ မဆိုင်တာကို ဘာလို့ ဝင်ပါမှာလဲ ဆိုတဲ့အသိ ကမ္ဘာကြီးမှာ ၀င်လာတယ် ။မြင်နေပေမယ့် ဘာမှမတတ်နိုင်ဘူးလေ ။ ကမ္ဘာကြီး ကောင်မလေးကို မမြင်ချင်ယောင် လျစ်လျူရှုလိုက်တယ် ။ ဒါပေမယ့်စိတ်ထဲကတော့ တွေးလိုက်ပါတယ် ။ ကောင်မလေး သနားပါတယ်။အဲ့လိုမှ အလုပ်ထွက်မလုပ်ရင်လည်း ခုခေတ်ကုန်ဈေးနှုန်းနဲ့က ကောင်မလေးတွေ အိမ်တွင်းပုန်းဖို့မလွယ်ဘူး ။ လူတိုင်းလဲ ကိုယ်ပိုင်ကားတွေတက်စီတွေ စီးနိုင်ကြသေးတာ မဟုတ် တော့ ဒီလိုပဲ ပြသနာတွေ ဖြစ်နေကြမှာပဲလို့  ကမ္ဘာကြီးတွေးမိတယ် ။
            နောက်တစ်ယောက်ကျတော့ ကမ္ဘာကြီးတို့ ရပ်ကွက်မှာ ဖြစ်တာပေါ့ ။ ကမ္ဘာကြီးနေတဲ့ ရပ်ကွက်က သိပ်စရိုက်ကျတယ် ။ ဒါပေမယ့်မကြာသေးမီကမှ ပြောင်းလာတဲ့အိမ်က ကလေးမလေး တစ်ယောက်ရှိတယ် ။ ကမ္ဘာကြီးတို့ရပ်ကွက်ထဲမှာတော့ အဲဒီကလေးမလေးက ၀တ်စားဆင်ယင်တာ ဒူးဖုံးဂါဝန်လေးတွေ ၊ ဂျင်းဘောင်းဘီရှည်ရှည်ကျပ်ကျပ်လေးတွေနဲ့ဆိုတော့ တမျိုးအမြင်ဆန်းနေတာ ပေါ့လေ ။ တစ်နေ့ကောင်မလေးက လမ်းထဲကနေ ကားဂိတ်ကို ထွက်လာတယ် ။ဖြစ်ချင်တော့ ကမ္ဘာကြီးတို့ အိမ်ရှေ့အရောက်မှာ ကောင်မလေးက လူနှစ်ယောက်နဲ့ ထိပ်တိုက်တိုးတယ် ။ ကောင်မလေးက ချက်ချင်းမျက်နှာထားကို တင်းလိုက်တယ် ။ တင်းမှလဲဖြစ်မှာ။ ကမ္ဘာကြီးတို့ရပ်ကွက် ထဲမှာ အဲဒီမိန်းကလေးကို ပြောချင်ဆိုချင် မျက်စိကျနေတဲ့ အကောင်တွေက တပုံကြီး ။ ကောင်မလေးက ပြောင်းလာတာမကြာသေးပေမယ့် ဒါတွေကို သိပုံရတယ် ။ ကောင်မလေးက အိမ်ထောင်ရှိတယ် လို့လဲ ကမ္ဘာကြီးကြားဖူးတယ် ။ သူ့အမျိုးသားက နိုင်ငံရပ်ခြားမှာမို့ မိဘနဲ့ တူတူလာပြန်နေနေ တာတဲ့ ။ ထားပါတော့ ။ ကောင်မလေးက မျက်နှာကို တင်းလိုက်ပြီး လမ်းရဲ့ ဒီဘက်ကနေ ပတ်ထွက်ဖို့ ကြိုးစားလိုက်တယ် ။ ဖြစ်ချင်တော့ အဲဒီလမ်းဘက်ကနေ နောက်ထပ် လူတစ်ယောက်က ထပ်ထွက်လာတယ် ။ ဘာလုပ်မလို့ပါလိမ့်လို့ ကမ္ဘာကြီးက တွေးမိတုန်းပဲရှိသေး ။ အဲဒီနောက်ထပ် ထွက်လာတဲ့ လူက ကောင်မလေးကို ကမ္ဘာကြီးကြားဖူးသမျှထဲမှာ အရင့်သီးဆုံးနီးနီး စကားတစ်ခွန်းကို သာမန် စကားပြောတဲ့အသံအကျယ်လောက်နဲ့ ဗြောင်ကြီးပြောချလိုက်တယ် ။ ကမ္ဘာကြီးအံ့သြ သွား တယ် ။ အိမ်ထဲကနေ ပုန်းနေရင်း ကောင်မလေး ဘာလုပ်မလဲလို့ လှမ်းကြည့်မိတော့ ကောင်မလေး က ပြန်မပြောတော့ပါဘူးဆိုတဲ့ အသိနဲ့ ငြိမ်နေလိုက်တယ် ထင်ပါရဲ့ မျက်နှာကတော့ ပန်းသီးနီနီ လောက် နီးနီးကိုနီရဲတွတ်နေတယ် ။ ဒါပေမယ့် ကောင်မလေးက လမ်းရဲ့ ဟိုမှာဘက်ကို မျက်လုံးဝေ့ ကြည့်လိုက်တော့ ဟိုဘက်မှာ လမ်းလျှောက်လာတဲ့ လူနှစ်ယောက်က ကောင်မလေးကို အကူအညီမ ပေးတဲ့အပြင် ဟိုကောင်ပြောသွားတာ အဟုတ်ကြီးလား ဆိုတဲ့ အကြည့်မျိုးနဲ့ ကောင်မလေးကို ၀ိုင်း ကြည့်ကြတယ် ။ ပြီတီတီနဲ့ပေါ့ ။ ကောင်မလေး အရင်ထက်ပိုပြီး မျက်နှာထူအမ်းပြီး ပန်းသီးလုံးကြီးလို နီရဲသွားတာတွေ့လိုက်တယ် ။ အဲဒီအချိန်မှာ ကောင်မလေးကသူ့ကို ရင့်ရင့်သီးသီးပြောသွားတဲ့လူကို လှမ်းအော်ပြီး နောက်ကနေ ထီးနဲ့လှမ်းပစ်လိုက်တယ် ။ ဟိုလူထွက်ပြေးသွားတော့ ကောင်မလေးကို လမ်းဘက်ကနေ အကဲခတ်နေတဲ့ လူနှစ်ယောက်က ပြုံးစိစိနဲ့ ကြည့်နေကြတယ် ။ ကောင်မလေး ပိုရှက်သွားပုံပဲ ။ ချက်ချင်း မျက်ရည်တွေဝဲတက်လာပြီး အဲ့ဒီဝေးသွားတဲ့ အကောင်ကို အဆဲပေါင်းစုံနဲ့ ကလော်တုတ်တော့တာပဲ ။ နင့်ကို ရပ်ကွက်လူကြီးနဲ့တိုင်မယ်လို့  ပြောလိုက်တာလဲကြားလိုက်တယ် ။ ကမ္ဘာကြီးက အဲ့ဒီလိုတွေ မျက်စိရှေ့မှာ မြင်ရင် မနေတတ်ပေမယ့် ၀င်မပါဘူး ။ ကိုယ့်အန္တရာယ် ကိုယ်သိရမယ် မဟုတ်လား ။ ဒါပေမယ့်မိန်းကလေးတွေကို အဲ့ဒီလောက်ထိတော့ ရိုင်းပျ နောက်ပြောင် ဖို့မသင့်ဘူးလို့  တော့ ကမ္ဘာကြီး ကိုယ့်ဟာကိုယ်တွေးမိတယ် ။
            တစ်ခါကပေါ့ ။ ကမ္ဘာကြီး လှည်းတန်းကနေ တက်စီတားစီးလာတယ် ။ သူငယ်ချင်းနောက်တစ် ယောက်နဲ့ အတူပေါ့ ။ ည ၇ နာရီလောက်ရှိမယ် ထင်တယ် ။ ကောင်မလေးတစ်ယောက်က ကားတားတယ် ။ မိုးကရွာနေတယ် ။ကောင်မလေးက တစ်ယောက်တည်း ။ တက်စီသမားက“ခဏဗျာ ။ ကျွန်တော် ညှိလိုက်ဦးမယ် ။”ဆိုပြီး ကားရပ်လိုက်တယ် ။ ကောင်မလေးက မြန်မာဆန်ဆန် ၀တ်စားထားပါတယ် ။ ဘယ်နေရာမှ မကောင်းတာ လုပ်စားမယ့် မိန်းကလေးလို့မထင်ရဘူး ။ “ဘယ်သွား မှာလဲ။”လို့ ကားသမားကမေးလိုက်တော့ ကားအတွင်းထဲကို ကောင်မလေးကလှမ်းကြည့်ပြီး “ကျွန်မ လူမပါဘူးထင်လို့ တားလိုက်တာ ။ တခြားကားငှားပါ့မယ် ။ ” လို့ ပြန်ပြောလိုက်တယ် ။ ကားသမား က မရမက ဒီကောင်မလေးကို အတင်းခေါ်တော့တာပဲ ။ “ လိုကိခဲ့စမ်းပါ ။ လုပ်မနေပါနဲ့ ” တို့ ဘာတို့ပေါ့ ။ ကောင်မလေးက မျက်နှာကြီးရဲပြီး ပြန်ပြောတယ် ။“နင်တို့ကားနံပတ်ကို ငါမှတ်လိုက်ပြီ။ ငါတိုင်မယ် ။ ငါ့ကို ဘာအောက့်မေလို့လဲ ။”တဲ့ ။ အဲ့ဒီတော့မှ ကားသမားက ပြုံးဖြီးဖြီးနဲ့ ကားမောင်းထွက်လာခဲ့တော့တယ် ။ ကမ္ဘာကြီးက မေးတာပေါ့ ။ “ ဘာလို့  မိန်းမကောင်းလေးကို အဲ့လိုသွားပြောတာလဲ ။တကယ်တိုင်လိုက်ရင် ဘယ်လိုလုပ်မလဲ” လို့ဆိုတော့ ဆရာသမားက ရယ်ပြီးပြောပြတယ် ။ “တချို့ ပြည့်တန်ဆာတွေက ဒီလိုပဲဝတ်စားကြတာပဲ ။ ရဲတွေမာဖီနဲ့ ဖမ်းရင် မသိအောင်လို့ပေါ့ ။မိန်းမကောင်းဖြစ်လည်းပဲ ဈေးကောင်းပေးရင် လိုက်တဲ့မိန်းမတွေ ပုံလို့ပါဗျာ။ သူတို့ ဘ ယ် လိုပဲဝတ်စား ထားထား လိုက်တဲ့မိန်းမက လိုက်တာပါပဲ ။ သူတိုင်ချင်တယ်လား ။ တိုင်ကြည့်လေ ။ ဘယ်ကိုတိုင်မှာလဲ ။ ဘယ်က အရေးယူပေးမှာလဲ ။ တိုင်လို့ အထက်က အရေးယူမယ် ထားဦး ။ဝှီးတက်သိမ်းမယ် ဆိုတာကလွဲလို့ ဘာလုပ်လို့ရမှာလဲ ။ ကျွန်တော်က အငှားမောင်းတာ ။ ကျွန်တော့ကားလဲမဟုတ်ဘူး ။ ဖြစ်ချင်းဖြစ် အုံနာ့ကားပဲနံမည်ပျက်မှာ ။ ဘယ်ကမှလဲ အဲ့လိုတာဝန်ယူ ဖြေရှင်းပေးတာမျိုး မရှိပါဘူးဗျာ ။ ပူမနေပါနဲ့ အေးဆေး ။ ” တဲ့ ။။။။။
                        ကမ္ဘာကြီး အတွေးပေါင်းစုံ ချာလပတ်ရမ်းသင့်တယ် နော် ။ ။ ။
            တစ်နေ့ ကမ္ဘာကြီးအင်တာနက်ဆိုင် ထိုင်တယ် ။ လမ်းပေါ်မှာ လှုပ်ရှားသွားလာနေရတဲ့ မိန်းမကောင်းလေးတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ ပရဟိတ လုပ်ငန်းမျိုးတွေ မရှိဘူးလားပေါ့ ။ ပြီးတော့ခုတလော ကလေးတွေကို မရမက တောင်းစားခိုင်းတာ ၊ မရရအောင်တောင်းခိုင်းတာတွေ ခေတ်စားနေတယ် ။ ဒါတွေကို ကာကွယ်ပေးနိုင်မယ့် အဖွဲ့အစည်းမျိုးတွေ မရှိဘူးလားဆိုတဲ့ အတွေးနဲ့ ကမ္ဘာကြီး ဖေ့စ်ဘွတ်ခ်ကို ၀င်ရှာကြည့်မိတယ် ။ တွေ့တော့ တွေ့ပါရဲ့ ။ နောက်ဆုံး The Last Activity က လွန်ခဲ့တဲ့ သုံးလေးလလောက်က ရိုက်ပြီးတင်ထားတဲ့ပုံတွေ။များများစားစားမရှိပါဘူး ။ အဲ့လိုပေ့ခ်ျ လေးခုလောက်တွေ့တယ် ။ နှစ်ခုက ဘာမှလုပ်လို့မရဘူး ။ အဖွဲ့ကိုလဲ Join လို့မရဘူး ။ ကျန်တဲ့နှစ်ခုကတော့ အဲဒီလို ဓါတ်ပုံတွေတင်ထားတာတွေ့တယ် ။ အဲ့နောက်ပိုင်းတော့ ဘာမှမ တွေ့တော့ဘူး ။ ဘာမှ မလုပ်ဖြစ်ဘူးထင်ပါရဲ့ ။ မအားကြဘူးထင်တယ.် ။ပြီးတော့ အစိုးရမဟုတ်တဲ့ ပြင်ပ အဖွဲ့အစည်းတွေကလား ။ ဆိုတော့ ကိုယ်ထိလက်ရောက် စိတ်သွားတိုင်းကိုယ်ပါ လုပ်ဆောင်နိုင်ဖို့ ငွေကြေးအင်အား နည်းတာ လူအင်အားနည်းတာ ဖြစ်နိုင်တာပဲလေ ။ ပြီးတော့  လူစုလူဝေးနဲ့နေတာကို အစိုးရက မကြိုက်ဘူးမဟုတ်လား ။ အကူ အညီတောင်းခံဖို့ကျပြန်တော့ လည်း ဟိုအထက်တင်ပါဦး ။ ဒီလွှတ်တော် ရုံးတင်ပါဦးနဲ့ ကြာသွားမယ် ။ ခုတင်ပဲ လွှတ်တော်မှာ တင်ထားတဲ့ မေးခွန်းပေါင်း အခု ၄၀၀ ကျော်ရှိသေးတယ်တဲ့ ။ မပြီးပြတ်သေးဘူးလို့ ကြားတယ် ။ဆိုတော့ ဒီလို အဖြစ်အပျက် မျိုးတွေ အဖွဲ့အစည်းတွေဘက်လှည့်ဖို့ သူတို့မှာ ဘယ်အားလပ်ဦးမလဲ ။ ဘယ်တော့မှ အားလပ်ကြမှာလဲ ။ အားလပ်ရင်ကော တကယ် အင်တိုက် အားတိုက်နဲ့ ကူညီဖြေရှင်း ပေးကြမှာလား ။ မိန်းမကောင်းလေးတွေကို စောင့်ရှောက်ပေးကြမှာလား ။ အမျိုးသမီးရေးရာလွတ် လပ်ခွင့်ဆိုတာ ဘာလဲ ကမ္ဘာကြီးမသိဘူး ။ လူအတော်များများ လိင်ဆက်ဆံတာကို ကမ္ဘာကြီးမြင် ဖူးတယ် ။ ဒီလို အလိုမတူဘဲ နှောင့်ယှက်တာမျိုးတွေကျ မလုပ်သင့်ဘူးလို့ ကမ္ဘာကြီးက တွေးတယ် ။ နောက်တစ်ခုလဲ တွေးမိသေးတယ် ။ “အေးလေ ။ ငါတို့လူငယ်တွေတောင် မပါဝင်နိုင်တာ၊ မစောင့်ရှောက်နိုင်တာပဲ”လို့ ။ ဟိုစာရေးဆရာကြီးပြောသလိုပဲ နောက်ဆုံး စိတ်ဖြေတွေးလိုက်တယ် ။ သဗ္ဗေသတ္တာ ကမ္မသကာပေါ့ ။
            တစ်နေ့ တောင်ငူမှာ …. အင်း …… မြို့အမည်ကို ကမ္ဘြာ့ကီးမပြောဘဲ ထိန်ဝှက်ထားတယ်ပဲ ဆိုပါစို့ ။ အဲ့ဒီမြို့မှာပေါ့ ။ ကမ္ဘာကြီး အသိတစ်ယောက် ဆေးရုံတက်တယ် ။ သွားကြည့်တော့ ဆရာ ၀န် Round မယ့်အချိန်ဆိုလားပဲ ။ အဲဒါနဲ့ ယူနီဖောင်းမ၀တ်ထားတဲ့ Nurse တစ်ယောက်က အခန်းထဲ ဇောက် ဇောက် နဲ့ ၀င်လာပြီး အခန်းတွင်းမှာ ရှိတဲ့ လူနာတွေ လူနာစောင့်တွေ အကုန်လုံးကို အထက်စီးကနေ ဝေ့ကြည့်လိုက်တယ် ။ သူ့အကြည့်တစ်ချက်မှာအခန်းထဲမှာ ပြောဆိုနေကြတဲ့ ခုနက အသံတွေ ၊ ခုနကလို မျက်နှာအမူအရာတွေ အကုန်ပြောင်းလဲပြီးတိတ်ဆိတ်သွားကြတယ် ။ သူက အော်ပြောတယ် ။ “ဆရာဝန်ကြီး Round တော့မယ် ။ လူနာစောင့်တွေ အကုန်အပြင်ထွက် ။ မြန်မြန်လုပ် ။ မြန်မြန်လုပ် ။” တဲ့ ။ အသံမာမာကြီးနဲ့ အော်တယ် ။ ဒါမယ့် လူတိုင်းလိုလိုက သူမပြော ခင်ကတည်းက ထွက်သွားကြပါပြီ ။ ကိုယ့်အထုပ်လေးတွေကိုယ်ကိုင်ပြီးတော့ .. .အိပ်နေတဲ့ လူနာ စောင့်တွေကလဲ မျက်လုံးတွေ အတင်းဖြဲကြည့်ပြီးမနိုးသေးတဲ့ ခန္ဓာကိုယ်ကို အတင်းကိုယ့်ကိုကိုယ် လှုပ်နှိုးပြီး အခန်းထဲကနေ ကသုတ်ကရိုက် ခြေတရွတ်ဆွဲပြီးထွက်သွားကြတယ် ။ ကမ္ဘာကြီးက မသိသေးတော့ ကြောင်ကြည့်နေတာပေါ့ ။ ကမ္ဘာကြီးမသွားသေးတာ မြင်ပြီး အဲဒီ Nurse က ကမ္ဘာကြီးကို တည့်တည့်ကြည့်ပြီးအော်တယ် ။ “မြန်မာလိုပြောနေတာ နားမလည်ဘူးလား ။ ဆရာဝန် ကြီးလာတော့မယ် ။အခန်းထဲမှာ လူနာရှိတာကလွဲလို့ တခြားဘယ်သူ့မှ မမြင်ချင်ဘူး ။ အကုန်ထွက် ။ မြန်မြန်ထွက် ။ လာတော့မှာ ။” တဲ့ ။
            ဆရာဝန်လာတာ ဘာလို့ လူနာစောင့်က အပြင်ထွက်ရတာပါလိ မ့်လို့ ကမ္ဘာကြီးတွေးပြီး ကော်ရစ်တာကို ထွက်လာတယ် ။ ကော်ရစ်တာဟာ နေပူတယ် ။ အဲဒီနေပူကြီးထဲမှာပဲ လူနာစောင့် တွေဟာ မြက်ဖျာလေးတွေ ခင်းလို့ အိပ်နေကြ အစားစားနေကြ စကားတိုးတိုးပြောနေကြတယ် ။ ထူးခြားတာက သူတို့မျက်လုံးတွေပဲ ။ သူတို့မျက်လုံးတွေမှာ အရောင်အဆင်းမရှိဘူး ။ မျှော်လင့်ချက် ပဲမဲ့နေသလိုလို ၊ တခုခုကိုပဲကြောက်နေသလိုလို အမူအရာတွေရှိနေကြတယ် ။ ဘာကြောင့်ပါလိမ့်လို့ ကမ္ဘာကြီးထပ်တွေးမိပြန်ရော ။
            နောက်ရက်တွေမှာ ကမ္ဘာကြီးရဲ့ လူနာဟာ မသက်သာဘူး ။ အစိုးရမဟုတ်တဲ့ အခြားဆေးရုံ တစ်ခုကို ပြောင်းမယ်လို့ တွေးပြီးဆင်းမယ်လုပ်တော့ ဆရာဝန်မတစ်ယောက်နဲ့ ကမ္ဘာကြီးရဲ့ လူနာ နဲ့ စကားများကြတယ်တဲ့ ။ ဘာကြောင့်ရယ်တော့ သေချာမသိလိုက်ပေမယ့် ဆရာဝန်မ ကစကား ပြောတာ ကြမ်းတမ်းလို့ ကမ္ဘာကြီးရဲ့ လူနာက မခံနိုင်လို့ ပြန်ပြောရင်း အခြေအတင်ဖြစ်ကြတယ်လို့ ဘေးက လူနာတွေအပြောအရ သိရတယ် ။ ဆေးရုံပြောင်းလာတယ်ပေါ့ ။ ပြောင်းလာတော့ …. ညနေစောင်းတဲ့ထိ ဆရာဝန်က ရောက်မလာဘူး ။ ကမ္ဘာကြီးရဲ့ လူနာက အသည်းအသန်နီးနီး ဖြစ်နေပြီ ။ ဒီအချိန်မှာ အဲဒီဆေးရုံက Nurse တစ်ယောက်က ကမ္ဘာကြီးကို လူနာစောင့်ဆိုရင် အောက်ကို ခဏလိုက်ခဲ့ပါ ပြောစရာရှိလို့ပါ လို့ ပြောလာတယ် ။ ကမ္ဘာကြီးလိုက်သွားတဲ့ အခါမှာ အစိုးရ ဆေးရုံကနေ ဆရာဝန်စကား နားမထောင်ဘဲ ဆင်းပြေးလာတဲ့လူနာမို့လို့သူတို့ဆေးရုံက လက်ခံ လို့မရပါဘူး လို့ ကမ္ဘာကြီးကို ပြောပြကြတယ် ။ ကမ္ဘာကြီးတတ်နိုင်သလောက် ရှင်းပြပါသေးတယ် ။ ဒါပေမယ့် သူတို့ကပြောတယ် ။“ဆရာဝန်ချင်း ၊ ဆေးရုံချင်း ပြသနာ မတက်ချင်လို့ပါ ။ ဖြစ်ပျက်တာ ကိုနားမလည်ပေးတာတော့ မဟုတ်ပါဘူး ။ ”တဲ့ ။ လက်မခံနိုင်ဘူးဆိုတာ လုံးဝသေချာသွားတော့ ကမ္ဘာကြီးသူတို့ကို ပြောခဲ့တယ် ။ “ဆရာဝန်ချင်း ဆေးရုံချင်း ပြသနာမဖြစ်ချင်ရင် အစကတည်းက ပြသနာမဖြစ်အောင် နေနိုင်ရမှာပေါ့ ဒေါက်တာ ။ အစိုးရဆေးရုံကို လာတက်တဲ့လူနာဆိုတာ နွမ်းပါး လို့လာတက်တာပါ  ။ မြေနိမ့်ရာလှံစိုက်သလို လူနာကို ဆရာဝန်က ကုသလိုမဟုတ်ဘဲ ၀က်သတ် သမားက သတ်မယ့်ဝက်ကို ကြည့်သလို ပြုမူသလို လုပ်တာတော့ ဘယ်ကောင်းပါ့မလဲ ။”လို့ ပေါ့ ။
ဒီလိုနဲ့ ကမ္ဘာကြီးပဲ တာဝန်ယူပြီး ရန်ကုန်ကို အဲဒီလူနာကို ခေါ်လာပြီး ခွဲစိတ်ကုသပေးခဲ့တယ် ။ ၂၇ သိန်းကုန်ပြီးနောက် .. ခုတော့  လူကောင်းပကတိ ကျန်းမာစွာရှိနေပါပြီ ။  
            ကမ္ဘာကြီး တစ်နေ့ကဗိုက်ဆာတော့ စည်ပင်ကို အခွန်ဆောင်ပြီး လမ်းဘေးတွေမှာ ဖွင့်ထားတဲ့ ငါးကင်ဆိုင်လေးတစ်ဆိုင်မှာ သူငယ်ချင်းတစ်ယောက်နဲ့တူတူ ငါးစားဖြစ်ကြတယ် ။ အဲဒီအချိန်မှာ စည်ပင်ကပဲ ယူနီဖောင်းဝတ်ထားတဲ့လူကြီးတစ်ယောက်က ဆိုင်ရှေ့မှာ လာရပ်ပြီး စားနေတဲ့ ကမ္ဘာကြီးတို့ ကို သူ့လက်ထဲက ကင်မရာလေးနဲ့ ဖျတ်ဆို ရိုက်သွားတယ် ။ ကမ္ဘာကြီးရဲ့ သူငယ်ချင်းက ထက်တယ် ။ သူက ဒေါသချက်ချင်းဖြစ်သွားတယ် ။ နောက်တစ်ခေါက်ထပ်ရိုက်မယ်လုပ်တဲ့ အခါမှာ သူက ချက်ချင်းပဲ ပါးစပ်ကြီးဖြဲပြပြီး လက်လေးနှစ်ချောင်းထောင်ပြလိုက်တယ် ။ Pose ပေးလိုက် တယ်ပေါ့ ။ ကမ္ဘာကြီးက ရယ်မိတယ် ။ အဲဒီယူနီဖောင်းနဲ့ လူကြီးက ဆိုင်ထဲ ၀င်လာပြီး ဘာလုပ် တာလဲ ။ ဘာရယ်တာလဲ လို့ ကမ္ဘာကြီးတို့ကို မာမာထန်ထန်နဲ့ အော်မေးတယ် ။ “ငါက အထက်က အမိန့်နဲ့ လာတာ ။ ဘာပြောင်စပ်စပ်လာလုပ်တာလဲ ။ ”ဘာလဲ ပေါ့လေ။ ယူနီဖောင်းမြင်ရင် ကြောက်တတ်တာက ကမ္ဘာကြီးရဲ့ အကျင့်ပဲ ။ ကမ္ဘာကြီး ခေါင်းလေးငုံ့ပြီးဆိုင်ကနေ အသာလေးထွက် လာခဲ့တယ် ။ သူငယ်ချင်းနဲ့ ဘာဆက်ဖြစ်ကြတယ်တော့ မသိဘူးပေါ့ ။ စိတ်ထဲမှာတော့ တွေးမိတယ် ။ “စည်ပင်မှာ အခွန်ဆောင်ထားတယ်ဆိုရင် ဘာလို့ အထက်က အမိန့်နဲ့ အေးအေးဆေးဆေးစား သောက်နေကြတဲ့ လူတွေကို အသိမပေးဘဲ ဓါတ်ပုံရိုက်ရသလဲ ” လို့ပေါ့ ။  
            အင်း ……. ကမ္ဘာကြီးက ဥာဏ်မမီတော့ အတွေးတွေ ချာချာလည်နေတာပေါ့ ။ ကိုယ်ကိုယ် တိုင်လဲ ထုံရ အ ရ ကောင်းလားလို့ပြန်ပြန်တွေးမိတာ အခါခါ ။ ဒါပေမယ့် ဘာမှမလုပ်နိုင်ဘူးလေ ။ ဒါတွေက နိုင်ငံရေးထဲမှာ ပါတယ် မဟုတ်လား ။ သူတို့ကို ပြန်ပြောရင် ထောင်ကျမှာပေါ့ ။ ထောင်ထဲမှာ ငပိထောင်းနဲ့ ဆန်ကွဲကြိုတိုက်တာ အရသာမ ကောင်းဘူးလို့ကြားဖူးတယ် ။ အို .. ကိုယ်နဲ့ မဆိုင်တာတွေကို ဘာလို့လျှောက်တွေးနေဦးမှာလဲ ။ ဒီတိုင်း အေးအေးလေးနေလိုက် လဲပြီးတာပဲ မဟုတ်လား ။ ဟိုကဗျာတစ်ပုဒ်ထဲကလိုပေါ့ ။ “သူများက ကော်ပီဆိုတာနဲ့ ကျွန်မတို့ ပေ့စ်လိုက်ဖို့အဆင်သင့် … ”ဆိုတာမျိုး ။ ရှေ့က မားမားမတ်မတ်နဲ့ ဦးစီးဦးဆောင်လုပ်ဆောင် သွားမယ့် လူမျိုး ၊ အန္တရာယ်လဲ မရှိဘူးဆိုရင်တော့ ကမ္ဘာကြီးလဲ ပရဟိတတွေလုပ်ချင်တာပေါ့ ။ နော် ။ တွေးမိတာတွေ က သိပ်များနေတယ် ။
တွေးစရာတွေက များလာတော့ ကမ္ဘာကြီး ခေါင်းတွေရှုပ်လာတယ် ။ ကိုယ်နဲ့လဲ မဆိုင်ဘဲ လျှောက်တွေးနေတာ ကြာတော့ ခေါင်းပူလာတာပေါ့ ။ ကမ္ဘာကြီးခေါင်းလျှော်မယ်လို့ တွေးလိုက် သေးတယ် ။ဒါပေမယ့် ဒီနေ့ က ဗုဒ္ဓဟူးနေ့ မဟုတ်လား ။ ကမ္ဘာကြီး မေမေက မှာထားတယ်။ ဗုဒ္ဓဟူးနေ့မှာ ခေါင်းလျှော်ရင် ၄၉ ရက် လာဘ်ပိတ်တတ်တယ်တဲ့ ။ ဒီတစ်ရက်တော့ ကမ္ဘာကြီးအောင့် အီး သည်းခံပြီး အိပ်ပျော်အောင် အိပ်ချလိုက်တယ် ။ ကမ္ဘာကြီးက တစ်ခြမ်းမှောင်သွားတာပေါ့ ။ ကမ္ဘာကြီးလဲ အိပ်မက်ကမ္ဘာကြီးထဲ ရောက်သွားတော့တာပဲ ။
ဒါပေမယ့်တွေးစရာတွေက တပုံတပင်ပဲ ။ မကုန်မခမ်းပဲ ။ နောက်လည်း ကမ္ဘာကြီးက ဆက်တွေးရဦးမှာပဲ ။ စိတ်ညစ်ပါတယ် ။

                             ကမ္ဘာကြီးမှာ တွေးစရာတွေများတယ် ။ ကမ္ဘာကြီးဟာ သိပ်သနားဖို့ကောင်းတယ် ။
  (၂၅.၇.၂၀၁၂)( ဗုဒ္ဓဟူးနေ့)

No comments: