.
.
.
Sunday, April 13, 2014
ငါ့ဇာတ်ကောင်ကို ဘယ်သူသတ်သွားသလဲ (၄)
မထား ၊၊
သူတို့ သိမှုထဲကအတိုင်း ပဲပြုတ်ရောင်းသော မထား ၊၊
သူ့ချစ်လင်က မမထား လို့ ခေါ်တာကလွဲလို့ သူ့နာမည်သည် မထား ၊၊
မထား ယနေ့ည အလွန်စိတ်ညစ်နေပါတယ် ၊၊ နက်ဖြန်အတွက်အရင်းဘယ်ကရှာရမှန်းမသိချေ ၊၊
ယနေ့ အကြွေးမရောင်းပါ ဆိုတဲ့ စာသားကလေးကို သူ့ခမျာ အပြတ်ခိုက်ပေမယ့်
ဒီနေ့တော့ အကြွေးတွေချည်းရောင်းခဲ့ရတယ် ၊၊ အဲ့ဒါနဲ့ပဲ ထိပ်ပြောင်ပြောင်နဲ့လူတစ်ယောက်
                                                            ပဲပြုတ်နှစ်ရာဖိုးနဲ့ လဲပြီးယူလိုက်တဲ့
                                                            နာမည်ဆန်းဆန်းနဲ့ စာရေးဆရာမတွေရေးတဲ့
                                                            တစ်အုပ်ကို စကိုင်လိုက်တော့တယ် ၊၊
သူမ နာမည် မိုးထက်ထက်ဗိုလ်ဝေဟင်မေ ၊၊
သူမ ဘာဖြစ်လို့ လာချမ်းသာနေမှန်းလည်း သူမ မသိပါ ၊၊
ပိုက်ဆံတွေ ထားစရာတောင် နေရာမရှိ ၊၊ လူတောင်ဘယ်နားနေရမှန်းမသိချေ ၊၊
ဟဲ့ ဟဲ့ ငါ့နှယ် သောက်ကျိုးနည်း ချမ်းသာနေတာ ဟဲ့ ဆိုပြီးရေရွတ်
စိတ်ရှုပ်လို့ ခေါင်းကုတ်မိတာတောင် ဆံပင်အထွေးတွေထဲက တစ်သောင်းတန်တွေချည်း
လေးငါးဆယ်အုပ်ထွက်ကျလာလေသည် ၊၊ ဒါနဲ့ နောက်ဆုံးပေါ်တိုက်နဲ့ခြံထဲက ထွက်
နောက်ဆုံးပေါ်ကားနားရောက်တော့ ဒရိုင်ဘာ ပုံပေါက်တဲ့ ဥရောပသားတစ်ယောက်က
တံခါးလာဖွင့်ပေးတာနဲ့ပဲ ကားထဲဝင် ၊ ခေါင်းထပ်ကုတ်လိုက်တော့ ဒေါ်လာတစ်ရာတန် ငါးရွက်
ထပ် ထွက်လာလေသည် ၊၊ အဲ့ဒါနဲ့ပဲ ဒရိုင်ဘာကို ဘောက်ဆူးပေးလိုက်ပြီး ထွက်လာ ၊ မီးပွိုင့်မိ ၊
မီးပွိုင့်က ပန်းရောင်းတဲ့ကောင်မလေးလက်ထဲက ခရေပန်းတွေ လှတာနဲ့ လှမ်းခေါ် ၊၊
                                                                                    ဟေ့ … ပန်းသည်လေး လို့ ခေါ်သံကြားလိုက်တာနဲ့
                        ကျွန်မ အမြန်ဆုံး လှစ်ခနဲ အဲ့ဒီကားနား ကိုရောက်သွားပြီ၊၊
ကျွန်မတို့ ပန်းသည်ဆိုတာ ဒီလိုပဲတစ်နေ့လုံးလှည့်ပတ် ရောင်းချ ၊၊
စားရတဲ့ထမင်းမ၀ရင် မှတ်ထား ၊၊ နောက်နေ့ပေါင်းစား ၊၊ မ၀သေးရင် ထပ်မှတ်ထား ၊၊
နောက်နေ့ ပေါင်းစား ၊၊ ကျွန်မတို့ဘ၀က ပေါင်းစားပေမယ့် ၀တယ်ကို မရှိပါဘူးတော် လို့
ပြောလိုက်တော့
သူတို့ ရယ်ကြတယ် ၊၊
ကားပေါ်က လှလိုက်တဲ့ရုပ် နဲ့ မိန်းမက ခရေပန်းလေး တစ်ကုံးကို နှစ်သောင်းတောင်ပေးသွားတယ် ၊၊
ကျွန်မတော့ ဒီနေ့ထောချက်ပေါ့တော် ၊၊ နှစ်ပေါက်အောင်ကြာပြီးမှ စားရတဲ့ ကြေးအိုးသောက်မဟဲ့
ဆိုပြီး
တရုတ်စားသောက်ဆိုင်ထဲကို ၀င် ၊၊ ဆိုင်ရှင်တရုတ်ကြီးရှေ့ မျက်နှာထားမာမာနဲ့ ကျွန်မရပ်လိုက်တယ် ၊၊
ဘာယူမလဲ ကလေးမ လို့ `၀´မေးလိုက်တယ် ၊၊
ဒီကလေးမလေးက အရင် `၀´ ဆိုင်က ဖြတ်ဖြတ်သွားရင်
`၀´ဆိုင်ရှေ့က အသားကင်တွေထားတဲ့ မှန်ပေါင်ပုံးထဲကိုမျက်နှာမလွှဲတမ်းကြည့် ၊၊
`၀´ဆိုင်က အနံ့တွေ ရှု ၊၊ ပြီးမှ ကုပ်ချိချိလေး ပြန်သွားတဲ့ ကလေးမ ၊၊ ခုများကျမှ
`၀´ရှေ့မှာ ပမာမခန့်မျက်နှာထားနဲ့ လာရပ်နေလိုက်တာ ၊၊ ဘာတွေ ခိုင် လာသလဲတော့မသိရ ၊၊
သူတို့ လူမျိုးတွေက အဲ့ဒီအတိုင်းပဲ ၊၊ အာရကေလေး ခိုင်လိုက်တာနဲ့ ဖြုံးဖို့ စဉ်းစားတော့တယ် ၊၊
`၀´ဆို ဒီတိုင်းပြည်မှာ လုပ်လာ ၊ စားလာ တာ နှစ်ပေါက်ပေါ့ ၊၊
`၀´ ကသာ ခုလို သူဌေးလောင်းဖြစ်လာတယ် ၊၊ ဒီကလေးမ အမေဆို `၀´ ဒီရောက်ကာစကလည်း
ဒီအတိုင်း
ခုများလည်း အရင်အတိုင်းပဲဖြစ်နေတာကို ကြည့် ၊၊ သူတို့လူမျိုးကတော့ `၀´ ပြောလို့ ပြောတာ မဟုတ်ဘူး ၊၊
ခုလည်း ကြည့် ၊၊ `၀´ဆိုင်က အလုပ်သမားစားပွဲထိုးအကောင် ၊၊ ၀ယ်မယ်မထင်တာလား ၊၊
သောက်ပျင်းတစ်တာလား မသိဘူး ၊၊ ခုထိ ထိုင်ရာက ထမလာဘူး ၊၊ `၀´ စိတ်ညစ်လယ် ၊၊
ဟေ့ကောင် စည်သူမြင့် ဒီမှာ ၀ယ်သူ ၊၊
သူစိတ်ညစ်သွားသည် ၊၊ ဒီပေါက်ဖော် ဆိုင်မှာ မရှိလို့သာ လစာလေး မစို့မပို့နဲ့
လာလုပ်စားနေရတာ ၊၊ ရေလည်ရေလည် စောက်စကားများသည် ၊၊ ကပ်စေးနည်းသလောက်
စီးပွားရေးလာဘ်ကတော့ မြင်သည် ဟု
သူစောက်မြင်ကပ်ကပ်နှင့်ပင် ချီးကျူးမိသည် ၊၊ မိမိတို့ ဘ၀သရုပ်ဖော်ဇာတ်ကောင်တွေဘ၀ဟာ
တောက်လျှောက်
ဒီလိုပဲ လို့ ဖြေသိမ့်မိတယ် ၊၊ အလဲ့ ဒီပန်းသည်မလေးတောင် ကြေးအိုးတွေဘာတွေ
လာမှာစားလို့ ဟ လို့ တွေးမိတာနဲ့ တပြိုင်နက်
ဘ၀သရုပ်ဖော်ပီပီ ပန်းသည်မလေးလိုပင် မီးပွိုင့်မှာ ဂျာနယ်ရောင်းနေရရှာတဲ့
သူ့ညီလေး နေဇင်လင်းကို သတိရသွားမိသည် ၊၊ ဒီကောင် ဒီနေ့ ငါတွမ်ထားတဲ့ အသားကင်ပြားတွေ လာမယူပါလား
လို့
တွေးနေမိတုန်း ဒီကောင်ရောက်လာလေသည် ၊၊
ဟူး ဒီနေ့တော့ မလွယ်ပါဘူး ကိုကြီးရာ ဟု
သူ့ အစ်ကိုကိုတွေ့တွေ့ချင်း ပြောလိုက်မိတယ် ၊၊
သားလက်မှာပိုက်ထားရတာလည်း လေးတယ် ဆိုပြီးလည်း ချွဲလိုက်သေးတယ် ၊၊
ကိုကြီး ဒီနေ့တွမ်ထားတာလည်း အသားကင်ပြားမဟုတ်လားဟုလည်း
သိသိနှင့် မေးပြီး ဆိုင်နောက်ဖေးထဲမှာ အမုန်းဆွဲပစ်လိုက်တယ် ၊၊ ဟိုပန်းသည်မ လို
ငါလည်း ခိုင်ရင်ကောင်းမယ် ဆိုပြီး ကလေးပီပီလည်း တွေးနေသေးတယ် ၊၊
ညနေစောင်းလောက်မှာ ကားအကောင်းစားကြီးတစ်စီးရဲ့
နောက်ခန်းမှာ မမလှလှကြီး ထိုင်နေတာတွေ့တော့ သူ ပတ်ချွဲနပ်ချွဲ
သွား ထိုးရောင်းပစ်လိုက်မိတယ် လေ ၊၊
သူမ ကို ကောင်လေးက အားကစားဂျာနယ်ကြီး အတင်းလာရောင်းနေပေမယ့်
သူမ သနားတဲ့စိတ်ကလေးဝင်နေတာနဲ့ တစ်ထောင်တန် ပြန်မအမ်းနဲ့ ဆိုပြီး ၀ယ်ထားလိုက်မိတယ်၊၊
သူမ ကလည်း အရင်က အိမ်ဖော်လုပ်ဖူးတာမို့ ဘ၀သရုပ်ဖော်တွေကို သနားတတ်သည်လေ၊၊
ဟုတ်သည် ၊၊ အိမ်ဖော်ဘ၀နဲ့ တစ်အိမ်အဆင်မပြေ တစ်အိမ်ပြောင်း ၊ နောက်တစ်အိမ်အဆင်မပြေ နောက်တစ်အိမ်ပြောင်း
ဖြစ်နေတုန်းမှာ
ဦးနဲ့ တွေ့ရတာ ၊၊ ဦး က သဘောကောင်းတယ် ၊၊အပေးအကမ်း ရက်ရောတယ် ၊၊ ဒါမို့လို့ပဲ
ဦး ညအချိန်မတော်ကြီး သူမ ရှိရာ ခြင်ထောင်ထဲ ၀င်လာတော့ ထ မအော်မိတာ ထင်ပါ့ရဲ့ ၊၊ ခုလိုမယားငယ်ဘ၀ဟာ
နာမည်သာဆိုးပေမယ့် ဦးလို ချမ်းသာတဲ့သူနဲ့ ဆုံမိတဲ့ သူမတို့လို မယားငယ်တွေကတော့
ကံကောင်းပါတယ် ၊၊ ဦး ရက်ရက်ရောရော ထောက်ပံ့ထားလို့လည်း ကျွန်မ ဒီလိုအခြေအနေနဲ့ နေနိုင်သုံးနိုင်တာလေ ၊၊
တွေးလက်စလေး အငွေ့ပျယ်တော့မှ လက်ထဲက အားကစားဂျာနယ်ကို
ကားမောင်းနေတဲ့ ဒရိုင်ဘာဦးလေးကြီး ဦးထက်အောင် ကို
အန်ကယ် ဘောလုံးပွဲကြည့်တတ်တယ်ဆိုရင် အိမ်ရောက်ရင်ဖတ်ဖို့ ယူသွား
ဆိုပြီး
ပေးလိုက်တယ် ၊၊
ကျေးဇူးပဲ သမီး ၊ အဘကလည်း ဘောလုံးပွဲသမားပဲ
လို့ ဦးထက်အောင် ပြောပြီး စာစောင်ကို ဘေးနားချထားလိုက်တယ် ၊၊
ကားမောင်းစားရတာ ဒီခေတ်မှာ မလွယ်ဘူး ၊၊ စည်းလွတ်ဝါးလွတ်တွေချည်း ပဲ ၊၊
လိုင်းကားပေါ်က စပယ်ယာတွေကလည်း ဆရာကြီး တစ်စီးလောက် ၊ တစ်စီးလောက်နဲ့
ဆိုက္ကားသမားတွေ က တမှောင့် ၊ နောက်ကားတွေကလည်း တစ်ကောင်မှ စိတ်မရှည်ကြ ၊၊
မီးစိမ်းကို လမ်းဖြတ်ကူးတာကလည်း ရန်ကုန်မှာပဲရှိသလား မသိ ၊၊
တစ်နေကုန်စိတ်အချဉ်ပေါက်ခဲ့သမျှ အိမ်ရောက်တော့မှ နားနားနေနေ
အားကစားစာစောင်လေးဖတ်ပြီး ဇိမ်ယူအပြီးမှာ
ဘေးအိမ်က ထီရောင်းတဲ့ အောင်ကျော်ကျော်ဦး
ရောက်ချလာပါတော့တယ် ၊၊
အဘ ဂျာနယ်လေး ခဏလောက်ငှားဖတ်ပါ ဦး အဘရဲ့ ၊၊
နောက်နေ့တွေဆို အဘဆီက ငှားဖတ်စရာမလိုတော့ဘူး နော် အဘ ၊၊
လှည်းကြီးတအိအိ တွန်း ၊ ပိုင်သက်ကျော်သီချင်းတွေ တကြော်ကြော်ဖွင့်ပြီးတော့
နေကုန်နေခမ်း လျှောက်သွားစရာမလိုတော့ဘူး ၊၊
ကျနော်ရောင်းလိုက်တဲ့ထီတွဲ ထဲက ပေါက်တဲ့လူပေါ်ပြီ ၊၊
မနက်ဖြန် သွားပြောပေးရမှာ ၊၊ အဲ့ဒီပေါက်တဲ့ သူနာမည်က မထား တဲ့ ၊၊
သူတော်တော် ၀မ်းသာမလား မသိဘူးနော်
လို့
တွေးမိတဲ့အတိုင်းပဲ မနက်ရောက်တော့ အဲ့ဒီအမျိုးသမီးတော်တော်ပျော်နေတာကိုတွေ့ရပါတယ် ၊၊
ဘာ ဘယ်လို
မထား ထီပေါက်တယ် ၊၊ သိန်း၁၅၀၀ပေါက်တယ်၊၊
ပဲပြုတ်သည်မထား ထီပေါက်တယ် ဟုတ်လား
လို့
ကျွန်မ ၀မ်းသာအားရ ဖြစ်နေတုန်း (ကန်တော့ပါရဲ့)
အဲ့ဒီ သေနာ ၊ မသာကောင် ကဗျာရေးတဲ့ကောင်
ထထွက်သွားပါတော့သည် ၊၊        ၊၊
zARTi [aNTIMa]
XX . II . II 0 I IV
No comments: