.

.
.

Tuesday, April 29, 2014

အလင်းရောင် အရောင်ချာ



အလင်းရောင် အရောင်ချာ




(၁)

နေကာမျက်မှန်အတုဟာ

နေရောင်ကလွဲလို့ ကျန်တာအားလုံးကို

ကာပေးထားတယ်။

(၂)

အလင်းရောင်ဟာ မှော်သွင်းထားသလို

အရောင်ချာပေမယ့်

(၃)

သတင်းတွေကတော့

မူမပျက် လူမပျက် ကာလာစုံ လာတယ်။

အမီလိုက်ဖို့ကြိုးစားပေမယ့်

(၄)

ပုံမှန်သွားလာနေသူတစ်ယောက်အဖို့

လိုက်မီဖို့အလွယ်ကြီးတော့

မဟုတ်ခဲ့ပေဘူး။

ည ၁၂ နာရီခွဲမှာ လိပ်ပြာဟာ

ခုနှစ်ဆယ့်နှစ်ကြိမ်မြောက် ကွဲကွာတယ်။

အိမ်စောင့်နတ်နဲ့ ကိုယ်စောင့်နတ်ဟာ

သူ့ကို မချစ်ဘူး။



မင့်းကို မချစ်ဘူး။

ငါ့ကို မချစ်ဘူး။

မီးပြင်းပြင်းနဲ့ ဝေလငါးကို ကင်ပစ်ချင်ရဲ့။

(၅)

ငါ့အတွက် မဟုတ်ဘူး။

သူ့အတွက် မဟုတ်ဘူး။

နင့်အတွက် မဟုတ်ဘူး။

မင့်းအတွက်လည်း မဟုတ်ခဲ့ပါဘူးကွဲ့။

သေချာကြည့်ကွယ်

မောင်ချောနွယ် ပြောသွားသလို

စိတ်ကြီးရယ် နာလှပါတယ်။

(၆)

သံချောင်းဟာ

အေးစက်နေတဲ့ ထမင်းခဲအပေါ်

တစ်ချက်တီးဖို့ စောင့်နေတယ်။

တက်စီတွေ အိမ်ရှေ့ကဖြတ်တယ်

တစ်စီး နှစ်စီး

ဟုတ်တယ်

သုံး လေးစီး

ငါ မရေလိုက်မိတာလည်း ပါမယ်။      
 




ချိုပိန်းနောင် 
၂၈.၄.၂၀၁၄ (တနလာၤ) 

No comments: