.

.
.

Friday, April 4, 2014

လေတွေဟာ အတားအဆီးတွေ ဆိုရင် ကျနော်ဟာ ခေါင်းကိုက်နေသူ တစ်ဦးပါ




အကြောင်းပြချက်တွေ ထပ်ပေးနေရဦးမယ်ဆိုရင် ဒီကိစ္စကို ကျွန်တော် မဖြေရှင်းချင်တော့ဘူး ၊၊ လေတွေဟာ အတားအဆီးပေါ့ ၊၊ ဘယ်လိုမျိုးလဲ ၊၊ ကျွန်တော့်ခေါင်းထဲမှာ ထီးတစ်လက် ရောက်နေတယ် ဆရာ ၊၊ တိုင်ဖွန်း အကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ကြည့်ပြီး ကျွန်တော် အိပ်ပျော်သွားတာ ၊၊ ကျွန်တော့် ခေါင်းထဲမှာ ထီးတစ်လက် ဝင်နေတယ် ခွဲစိတ်ပေးပါ ၊၊ ကျွန်တော်ပြောတဲ့ လေတွေဟာ အတားအဆီးတွေပေါ့ ၊၊ ခေါင်းသိပ်ကိုက်တာပဲ ၊၊ အဲ့ဒါ လေတွေလေ ၊၊ ဘာဖြစ်ရင် သောက်တဲ့ဆေးတွေမှန်း မသိဘူး ကျွန်တော် သောက်နေမိတာပဲ ၊၊ နောက်ပြီး အဲ့ဒါ ဖျော်ဖြေရေးတစ်ခုပေါ့ ၊၊ လေတွေကို မြင်အောင် ကြည့်ကြည့်ပါ ၊၊ မီတာတွေ ၊ မိုင်တွေ ၊ ကျွန်တော် နားမလည်တဲ့ အတွက်အချက်စနစ်တွေ ၊၊ လေတွေဟာ အတားအဆီးတွေပါ ၊၊ ဟိုး ဟိုး အဝေးမှာ ကျွန်တော့်ဆီက ပဲ့ထွက်သွားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ရှိတယ် ၊၊ ဒါပေမယ့် လေတွေကို မြင်အောင် ကြည့်ကြည့်ပါ ၊၊ ကျွန်တော့် ခန္ဓာကိုယ်အစိတ်အပိုင်း ဟာ တစ်ပါးသူတစ်ဦး နဲ့ ချစ်ကြိုက်နေတာ ၊၊ ကွဲကွာသွားတာ ၊၊ သူ ခံစားနေတာ ၊၊ မိုးရေဆိုတာတွေထဲမှာ ၊၊ ဒမ်း! ကျွန်တော် အခု မိုးရေတွေပဲ ဖြစ်ချင်နေတော့တယ် ၊၊ လေတွေဟာ အတားအဆီးပါပဲ ၊၊ ကျွန်တော့်ခေါင်းထဲက ထီးတစ်လက်ကို သူဟာ ဖွင့်မဆောင်းနိုင်တော့တာ သူ့ရင်ထဲက တစ်ပါးသူတစ်ဦး အတွက် ၊ တဲ့ ၊၊ အဲ့ဒါ အိပ်မက်ဆိုး နောက်တစ်ခုပါ ၊၊ ရေ ဝအောင် သောက်ပါ ၊၊ လေကောင်းလေသန့်တွေ ရောက်ရှိနိုင်တဲ့နေရာ တွေမှာ အိပ်ပါ ၊၊ ခေါင်းက ပိုပို ကိုက်လာတာ ဘာလို့လဲ သိလား ၊၊ ဆရာဝန်ဆိုတဲ့ လူနဲ့ စကားတွေ ထိုင်ပြောနေလို့လား ၊၊ ကျွန်တော့်ကို နာကျင်အောင် လွှင့်မပစ်ပါနဲ့ ၊၊ ကျွန်တော့်ကို နာကျင်အောင် သိမ်းမထားပါနဲ့ ၊၊ ကျွန်တော့်ကို နာကျင်အောင် မမေးပါနဲ့ ၊၊ အခုဆိုရင် ခေါင်းထဲမှာ ထီးတစ်လက်အပြင် မိုးရေတွေပါ ရောက်နေတယ် ၊၊ ကျွန်တော်ဟာ ကျန်ရစ်သူ ခုံတန်းကလေးပဲ ဖြစ်ချင်ပါတော့တယ် ၊၊ ခင်ဗျား ထွက်သွားပါ ၊၊ ကျွန်တော့်ကို နာကျင်အောင် နှစ်သိမ့်မနေပါနဲ့ ၊၊ အဲ့ဒါလေတွေပါ ၊၊ ခေါင်းကိုက်ပျောက်ဆေးတွေကို အမှုန့်ကျိတ်ပြီး ကျွန်တော့် ခေါင်းပေါ်ဖြူးထားတယ် ၊၊ ခေါင်းကိုက်နေတဲ့ ပုရွက်ဆိတ်တွေ ကျွန်တော့်ခေါင်းပေါ်မှာ တရွရွ ၊၊ ခေါင်းကိုက်ပျောက်ဆေးတွေကို သူတို့ စားသောက်နေကြ ၊၊ ဒါဟာ ကာရန်တွေပါ ၊၊ အခုတော့ ရက်ပ်ပါတွေပဲ ပိုင်တော့တာပေါ့ ၊၊ ထင်ရှားတဲ့ အမ်စီ တွေဟာ ကျွန်တော့်လို ခေါင်းကိုက်ကြရဲ့လား ၊၊ စောနက ဆရာဝန်ဟာ မယ်တယ်သမားတစ်ယောက်ပဲ ၊၊ သူမေးမြန်းတဲ့ သူ့ရဲ့ ခရက်ခ်အသံကြီးနဲ့ ကျွန်တော့်ရဲ့ မွေးသက္ကရာဇ် ၊၊ သူပေးတဲ့ ဆေးညွှန်းထဲက ရက်ပ်ဘိ တွေ ၊၊ ဒါပေမယ့် ခေါင်းကတော့ ကိုက်နေတာပါပဲ ၊၊ လူ့ဘဝ အစစ်အမှန်ဟာ ခေါင်းကိုက်လျက်သားကြီးလားလို့တောင် တွေးမိတဲ့အထိ ၊၊ ခေါင်းကိုက်နေတဲ့ ပုရွက်ဆိတ်တွေတောင် သက်သာ သွားကြပြီ ၊၊ ထွက်ခွာသွားကြပြီ ၊၊ တာ့တာပြကြပြီ ၊၊ တကယ်တော့ ဒါတွေဟာ လေတွေပဲ ၊၊ သူတို့ ဖြန့်ချီနေတဲ့ လေထဲက စိတ်ရူးပေါက်အနံ့တွေ ၊၊ ခင်ဗျားရိပ်မိလိုက်လား ၊၊ ဟိုဘက်က စာသားတွေဟာ ကျိန်စာဖြစ်ချင်ဇောနဲ့ ခင်ဗျား ခေါင်းကို ကုတ်ဖဲ့နေတာ ၊၊ ကျွန်တော် ခင်ဗျား ကို ထွက်ခွာသွားဖို့ ပြောတဲ့အချိန်အထိတော့ ကျွန်တော့်ခေါင်းထဲမှာ မိုးရေဆိုတာတွေ နဲ့ ထီးတစ်လက်ပဲ ၊၊ အခုတော့ ခင်ဗျား တကယ်ထွက်ခွာသွားပါတော့ ၊၊ ကျွန်တော် ဟာ လေတွေနဲ့ ဆက်လက်ဆက်ဆံနေရသရွေ့တော့ ကျွန်တော်တို့နားထဲ ရောက်လာဦးမယ့် မုန်တိုင်း သတိပေးကြေငြာချက်တွေ ၊၊ ခင်ဗျားပေးတဲ့ ခေါင်းကိုက်ပျောက်ဆေးတွေ ဟာ ကျွန်တော့် ခေါင်းထဲက ထီးတစ်လက်နဲ့ ရွာနေတဲ့မိုးတွေကို တိတ်အောင် မလုပ်ပေးနိုင်သရွေ့တော့ ရောက်လာမယ့်ဆိုတဲ့ မုန်တိုင်းကို မနှင်းညို လို့ ကျွန်တော် နာမည်ပေးမိပြီးတော့ လေတွေရယ် ၊ နောက်ပြီး ထီးတစ်လက်နဲ့ ကျွန်တော်ဟာ မိုးရေတွေထဲ ပြေးဝင်ပြီးတော့ အဲ့ဒီ လေတွေထဲက ကြားရတဲ့ ၊ နားထဲရောက်လာခဲ့တဲ့ မနှင်းညို ဆီ ကျွန်တော် ထပ်မံပြေးဝင်သွားတဲ့အခါ တွင်းနက်ကြီးတွေဟာ ကျွန်တော့်အပေါ် တစ်တွင်းပြီး တစ်တွင်း ကျရောက်လာတာတွေဟာ ခေါင်းကိုက်ပျောက်ဆေးအမှတ်နဲ့ ကျွန်တော် သောက်လိုက်တဲ့ မိုးရေတွေနဲ့ မိုးရေတွေထဲက တစ်ပါးသူတစ်ဦးကြောင့် ခံစားနေရတဲ့ ကျွန်တော့် ခန္ဓာကိုယ်အစိတ်အပိုင်း ရဲ့ နာမည်ကို ခင်ဗျားတို့ ပေးခဲ့တဲ့ ပထမ အိပ်မက်ဆိုး ပဲ ၊၊ အဲ့ဒီနေရာကို မသွားနဲ့နော် ၊၊

လေတွေ အရမ်းတိုက်နေတယ် ၊၊ ခေါင်းကိုက်လိမ့်မယ် ၊၊ ၊၊ ၊၊

ဇာတိ [aNTIMa]
2011




Photo credit to http://inmate1972.wordpress.com/2007/08/28/one-to-the-head/

No comments: