(အမှန်က ဟင်းနုနယ် ဖြစ်ပေမယ့် ဟင်းနုနွယ် လို့ သုံးချင်လို့ သုံးလိုက်တာပါပဲ)
သူ မနေ့က ဟင်းနုနွယ် ကြော်ကျွေးတယ် ။ ဆနွင်းမပါ ၊ အချိုမှုန့်နဲ့ ဆားမပါ ၊ ကြက်သွန် ဖြူနီ မပါ ဘဲ အသားမှုန့် တစ်မျိုးတည်းနဲ့ပေါ့ ။
မဆိုးဘူး ။ သူချက်တာ စားလို့ကောင်းသားပဲ ။ သူပြောတာကတော့..
“နှစ်ယောက်လုံး အလုပ်မရသေးခင်စပ်ကြား အသားဟင်း မချက်ဘူး” ..တဲ့ ။
“အိမ် ထောင်ဦးမို့ တစ်ကျပ် တစ်ပြားက စပြီး စုရမယ်” .. တဲ့ ။
“ အစစ ခြွေတာရမယ် ။ ဒါမှ နောက်နှစ်အတွက်ပါ အိမ် ငှားခအတွက် ဖူလုံနိုင်မှာ .. ” ..တဲ့ ။
မဆိုးဘူး
။ သူတွေးတာ မှန်သားပဲ ။
သူ့အကျီလေး ရိပြီး ချုပ်ရိုးနေရာက ပြဲသွားတယ်
။ အပ်ချည်နဲ့ အပ်ဝယ်ပြီး သူချုပ်တယ် ။ အသစ်ဝယ်ရ အောင် ဆိုတော့ သူက ..“ ချုပ်ဝတ်လို့ရသေးတယ် ။ ပြီးတော့ ဒါက အိမ်နေရင်း အ၀တ်ပဲ ။” ..တဲ့ ။
“ အိမ်မှာ အစုတ် ၀တ်လည်းပဲ ဘယ်သူကမှ မြင်တာမဟုတ်ဘူး ။ မလိုတာကို မဖြုန်းမိအောင် သတိထားရမှာပေါ့ ။ ” ..တဲ့ ။ ပြောပြီး ခေါင်းပြန် အငုံ့မှာ သူဆက်ပြောပြန်တယ် ။
“ မင်း .. ဟိုနေ့က အင်တာဗျူး သွားရင် စီးသွားချင်တယ်ဆိုတဲ့ ဖိနပ် ကလေး ကိုယ်ဝယ်လာပြီနော်.. ” ..တဲ့ ။
မဆိုးဘူး ။ သူ အိမ်ထောင်ဦးစီး လုံးလုံး ပီသသားပဲ ။
သူ့ကို အလုပ်တစ်ခုက ကမ်းလှမ်းလာတယ် ။ တစ်လကို တစ်သိန်းခွဲနဲ့ ။ သူက မလုပ်ဘူးလို့ ငြင်းလိုက် တယ် ။
“ ဒီခေတ်ကြီးထဲမှာ တစ်သိန်းခွဲ နှစ်သိန်းနဲ့ ကိုယ်တို့ နှစ်ယောက် နေရေး စားရေးအတွက် ဘယ်လို ဖြစ်နိုင် မှာလဲ ။ ” ..တဲ့ ။
“ ဒီထက် ပိုရနိုင်တဲ့ အလုပ်တွေ ရှိတယ် ။ ကိုယ် ရက်ပိုင်းအတွင်း ရမယ် ။ ” ..တဲ့ ။
“ ကိုယ် အလုပ် ကောင်းကောင်းရရင် မင်းအလုပ်က လစာနည်းလည်းပဲ အဆင်ပြေနိုင်တာပေါ့ ။ ” ..တဲ့ ။
“ ကိုယ်တို့ အားတဲ့အ ချိန်လေးတွေမှာ စာလေးရေး စာလေးဖတ် လုပ်ကြတာပေါ့ ။” ..တဲ့ ။
“ မင်းက ကျန်းမာရေး သိပ်မကောင်းတော့ လစာ နည်းလည်းပဲ လူသက်သာမယ်ဆို ၀င်လုပ်လိုက်ပေါ့ ။ တအား မရွေးနဲ့သိလား ။ ” ..တဲ့ ။
မဆိုးဘူး ။ သူ့ အိမ်ထောင်ဖက် အတွက် သူ တော်တော် တွေးပေးသားပဲ ။
သိပ်မကြာခင်တုန်းက ကိုစိုင်းဝင်းမြင့်က ပန်းချီကား နှစ်ချပ် လက်ဆောင်ပေးတယ် ။ အိမ်ရှာတုန်း ၊ အိမ် ပြောင်းတုန်းကလည်းပဲ ကိုစိုင်းဝင်းမြင့်တို့ ဦးမိုးဝေးတို့ ကူညီခဲ့ကြတာပဲ ။ .. သူကိုယ်တိုင် အဲဒီပန်းချီကား နှစ်ချပ်ကို မ ပြီး အိမ်ပေါ်ယူတင်လာတယ် ။ ကိုယ်ရွေးပေးတဲ့ နေရာမှာ သူ ရအောင်တက်ချိတ်ပေးတယ် ။ .. တဒုန်းဒုန်း ထုရိုက်ပြီး ပန်းချီကား ချိတ်ပြီးသွားတော့ သူက..
“ကိုယ်တို့ နောက်ပိုင်း ပိုက်ဆံတွေ စုမိကြရင် ပန်းချီကားလေးတွေ ၀ယ်စုကြမယ် ။ ဟိုနား .. ပြီးတော့ ဒီနားမှာ ချိတ်မယ် ။” ဆိုပြီး လက်လေးနဲ့ ပြတယ် ။
“ ပန်းချီကားလေးတွေ မြင် နေရရင် မင်းစိတ်ချမ်းသာတယ်ဟုတ်? ကိုယ် နောက်ကျရင် အများကြီး ၀ယ်ပေးမယ်နော် ။ ” လို့ သူပြောပြီး ချိုချို မွှေးမွှေး သူပြုံးပြတယ် ။
မဆိုးဘူး ။ သူ့ကိုရွေးခဲ့တာ မှန်ခဲ့သားပဲ ။
မကြာခင်တုန်းက ဆောင်းတွင်းထဲ ၀င်လာတယ် ။ အိမ်ခန်းလေးက အေးလာတော့ သူက စောင်လေးတစ်ထည် ၀ယ် လာတယ် ။ အနွေးထည် ဘာလို့ မ၀ယ်တာလဲ လို့ မေးတော့..
“ စောင်ဆိုရင် နှစ်ယောက်ခြုံလို့ရတယ်လေ။ ပိုနွေး ထွေးတာပေါ့ ။ ” ..တဲ့ ။
မဆိုးဘူး ။ အရာရာမှာ သူဆင်ခြင်တတ်သားပဲ ။
အဲဒီညနေမှာ သူ ဟင်းနုနွယ်တွေ သင်နေတယ် ။
“ဟင်းနုနွယ်က နှလုံးတို့ အာရုံကြောတို့ ရောဂါတွေကို ကာကွယ်ပေးနိုင်တယ် ။ တစ်နေ့ကို ဟင်းတစ်ခွက်စာ အမြဲစားပေးမယ်ဆိုရင် စိတ်ဖိစီးမှုကိုလည်း လျော့ကျစေတယ် ” ..လို့ ဟင်းနုနွယ် သင်ရင်း သူပြောပြနေတယ် ။
ဒီနေ့လည်း ဟင်းနုနွယ် ကြော်မှာလား လို့ မေး တော့ သူက ..
“ မင်းက နှလုံးနဲ့ အာရုံကြော မကောင်းဘူးလေ ။ ပြီးတော့ ဟင်းနုနွယ်က ကိုယ်နဲ့ စိတ် ကိုပေါ့ပါးစေတယ်တဲ့ ။ မင်း ထမင်းစားပြီးလို့ စာကြည့်တဲ့ အခါကျရင် မပျင်းတော့ဘူးပေါ့ ။”
.. လို့ ပြုံးစစနဲ့ သူပြောတယ် ။
“နက် ဖြန်တော့ ကိုယ်မင်းကို အသားဟင်းချက်ကျွေးနိုင်ပါတယ် ။ ”... လို့ သူ အဆစ်ပိတ် ပြောတယ် ။
ထမင်းစားကြတော့ သူက ဟင်းနုနွယ်ဟာ ဘာဖြစ်နိုင်တယ် ။ ညာဖြစ်နိုင်တယ် ဆိုပြီး ကလေးထမင်းခွံ့သလို ချော့ချော့ပြီး ကျွေးတယ် ။ ဟင်းနုနွယ်ကို အမြဲစားပေးမယ်ဆိုရင် လူစင်စစ်က ကျောက်စိမ်းထွက်နိုင်တယ် လို့ ကိုယ်ကပြောတော့ သူက ရယ်တယ် ။
“ နက်ဖြန် မင်းဘာစားချင်လဲ ။ ကိုယ်ဈေးသွားမယ်လေ ။ ” ..တဲ့ ။
ညစာ အပြီး စာကြည့်ပြီးနောက်ပိုင်း အိပ်ယာဝင်ကြတယ် ။ ကိုယ့်ကို သူ့ရင်ခွင်ထဲမှာ ထည့်လို့ ။ သူဖတ်ဖူးတဲ့ စာအုပ် တစ်အုပ်အကြောင်း သူပြောပြနေတယ် ။ သူ ဘယ် ချိန်အိပ်သွားတယ် မသိဘူး ။ ကိုယ်ကတော့ အိပ်မက်ထဲမှာ သူရယ် ကိုယ်ရယ် ဟင်းနုနွယ်တောကြီးထဲမှာ လက်ချင်းချိတ်ပြီး လျှောက်ပြေးလို့ပေါ့ ။
ကိုယ်တို့ လင်မယားမှာ ပိုက်ဆံမရှိကြဘူး ။ ဒါပေမယ့် ..
မဆိုးဘူး ။ သူ ဟင်းနုနွယ်ချက်တာ စားကောင်းသားပဲ ။ ။
23rd December,12
No comments:
Post a Comment